"ဟဲ့ ဪ...လမ်းလယ်ခေါင် ဘာရပ်လုပ်နေတာတုန်း...ညနေက မှောင်ပါရဲ့နဲ့...နွားခွေ့ခံရတော့မှာပဲ ..."
လှည်းပေါ်က ဦးကြီးရဲ့ ကြိမ်းမောင်းသံကြောင့် သူမ လမ်းတစ်ဖက်ကို အမြန်ကူးလိုက်သည်။ အရွယ်က ရှိလှမှ ဆယ့်သုံးနှစ်လောက်သာသာရယ်။ ချိုင့်ခွက်တွေ ဖန်တလဲတေနေတဲ့ လှည်းလမ်းအလယ်မှာ သူမဟာ ဝဲယာဘက်က လူမနေသည့် အိမ်ကို ငေးမောနေခြင်းဖြစ်၏။ လှည်းမောင်းသည့် ဦးကြီးဟာ သူမနှင့် ထိုအိမ်ကို တစ်လှည့်စီ ကြည့်ကာ မျက်စိမျက်နှာ ပျက်ပျက်နှင့် နွားများကိုသာ နကန်နဲ့ နာနာထိုးလို့ အိမ်အမြန်ပြန်ရန် ငေါက်ငမ်းသည်။
အိမ်က လေးပင်ပျဉ်ထောင်ဖြစ်ကာ ကျယ်၀န်းပုံပေါက်သော်ငြား နေချင်စဖွယ် ဆောက်လုပ်ထားပေသည်။ ခြံ၀န်းကျယ်မှာ သရက်၊ မာလကာ၊ ဩဇာနှင့် အခြားသော သီးပင်များ ဝေဝေဆာဆာရှိသည်။ လူတစ်ရပ်မျှနီးနီး ရှည်လျားရစ်ထွေးသော ခြုံနွယ်၊မြက်ရိုင်းများသာ မရှိပါက လူမနေမှန်း ခန့်မှန်းလို့ပင် လွယ်မည်မထင်ပါချေ။ အိမ်ခြေရင်းက မန်ကျည်းပင်အိုဟာ တောင့်တင်းသန်မာလှပုံမှာ ခုလိုညနေစောင်း အဝေးမှကြည့်လျှင် လူသန်ကြီး ခါးထောက်ရပ်နေသည့်နှယ်။
နေ၀င်ရီတရော နွားရိုင်းသွင်းချိန်ဆို ဒီအိမ်နှင့်ဒီခြံနား ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် ယောင်လို့မကပ်ကြတာ နှစ်ပေါင်းအတော်ကြာလှပြီ။ သစ်ရွက်လှုပ်လျှင် ရင်ခုန်တတ်၍ ရယ်ချင်သည့်အရွယ်ဟု အရပ်ကကျီစားသည့် အပျိုဖြန်းအရွယ် သူမမှာတော့ အနှီအိမ်ဟာ ကြောက်ရွံ့ဖွယ်ခံစားချက်ကိုကျော်လွန်ပြီး လွမ်းမောဖွယ် ကောင်းနေခဲ့ရှာ၏။ လူခြေတိတ် လူရိပ်ပျောက်လုချေပြီမို့ ထိုအိမ်ရိပ်နားက သူမ အမြန်ခွာပြေးခဲ့လိုက်သည်။ လက်ထဲက ကြွပ်ကြွပ်အိတ်ပျော့မှာ အကြော်ပူပူများကြောင့် ပိုလို့ပျော့အိနေပေပြီ။ အကြော်ဆုပ်လေးများကတော့ အေးစက်ကာ အနွေးဓါတ်ငွေ့ငွေ့ပင် ရှာမရတော့။
အိမ်ပြန်ရောက်သည်နှင့် ထင်သည့်အတိုင်း အမေကြီးဖြစ်သူ၏ ဆူပူကြိမ်းမောင်းသံက သူမအပေါ် ကျရောက်လာသည်။ အကြော်ထုပ်ကို စတီးပန်းကန်ပြားထဲ ထည့်၊ အချဉ်ရည်ကို ရေနွေးကြမ်းသောက်သည့် ကြွေပန်းကန်လုံးထဲထည့်ကာ ကြမ်းပြင်မှာ ထမင်းခူးပြီး ထိုင်နေသည့် အမေကြီးထံ အပြေးလေး ယူသွားပေးလိုက်သည်။ အမေကြီးရဲ့ အရည်တွန့်နေသော်ငြား အားရှိသေးသော လက်ဆစ်တွေက သူမခေါင်းထက် ခေါက်ဟန်ရွယ်သည်။ တကယ်မခေါက်ရက်သဖြင့် လေထဲမှာသာတန့်ကာ မျက်စောင်းတစ်ချက်သာ ဝေ့ပျံလာသည်။ အဆူအဆဲကတော့ ရပ်မသွားချေ။
YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...