ယနေ့ အပင်တွေဆီ သွားကြည့်ဖို့ရာ ဖိုးသံလုံးတို့အဖွဲ့ ရောက်မလာချေ။ ကျော်စွာဦး သဘောပေါက်ပါ၏။ ကျေးလက်တောရွာပီပီ ဤအရပ်၌ ကန့်သတ်ချက်ဟူသည် မရှိသလောက်ပင်။ ဖိုးသံလုံးတို့လို ကလေးငယ်တွေအတွက် ဥတုသုံးပါးမသိ၊ လူစုံသည့်နေ့ဟာ ကျောင်းဖွင့်သည့်နေ့ဖြစ်ပြီး ဆရာတော်ဘုရား၏ ကြိမ်းမောင်းခံရသည့်နေ့ဟာ ကျောင်းဖွင့်သည့်နေ့ပင် ဖြစ်သည်။ ဗွက်ထူလျှင် ကျောင်းမတက်သလို၊ ဆရာတော် မအားလပ်လျှင်လည်း ကျောင်းပိတ်သည်။
ယနေ့အဖို့တော့ စာသင်ရန် ပျော်နေကြတာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အပင်များဆီသို့ တစ်ဦးတည်းသာ လှမ်းခဲ့လိုက်ရပါ၏။ ကလေးတွေ ရှိမနေတာလည်း တစ်မျိုးတော့ ကောင်းပါသည်။ တစ်ဦးတည်းမို့ ဟန်မူရာပိုစရာ မလိုတော့သဖြင့် ချိုင်းထောက်ကို ထားရစ်ခဲ့ကာ ခြေကိုသာ ဖြောင့်မတ်စွာသုံးလျက် သွားလိုက်သည်။ ပိုဝေးသည့် ပိတောက်ပင်ဆီသွားကာ ချောင်းစပ်က ရေသယ်လို့ မြစ်ဆုံကို ရေလောင်းပြီး ကံ့ကော်ပင်အောက်သို့ပြန်ကာ ပန်းကြည့်ရင်း အနားယူမည်ဟု ကြံနေခဲ့တာဖြစ်သည်။
သို့သော်ငြား ကံ့ကော်ပင်ဆီမရောက်မီမှာပင် လူရိပ်နှစ်ခုအား မြင်လိုက်ရပါ၏။
"ဒီမယ်ဗျ..."
သူ့အသံကြောင့် လန့်ဖျတ်ကာ လှည့်ကြည့်လာသော မိန်းမပျိုနှစ်ဦး။ တစ်ဦးက ညိုသောအဆင်းနှင့် ခပ်မှိန်မှိန်ရှိလှပြီး နောက်တစ်ဦးမှာကား ဆန့်ကျင်စွာ ၀င်းဝါစိုပြည်လျက် နတ်သမီးတစ်ပါးနှယ် တောက်ပနေပေသည်။ ညိုသူပျိုက ကြောက်ထိတ်သော မျက်နှာရိပ်ရှိကာ ၀င်းသူပျိုက လန့်သွားဟန်သာ ရှိလေသည်။ သူမ၏ ဆံသားများထက်၌မူ ပနံသင့်ကာ သူမအား အလှမျိုး ပိုလို့ထွန်းစေသည့် ကံ့ကော်တစ်ခက် တည်လျက်။
"တော်...တော်က ဘယ်သူ...အဲ..."
ခင်ရီတစ်ယောက် စကားစတွေထစ်ကာ သူစိမ်းအား အသေအချာ မမေးနိုင်ရှိသည်။ အမှန်မူ လန့်သွားသဖြင့် စကားမှားနေရုံသာဖြစ်ပြီး သူစိမ်းက ဘယ်သူဖြစ်ကြောင်း ချက်ချင်းသိပြီးသားပင်။ ဖြူ၀င်းနေသော အသားအရည်နှင့် ချောမောလှသည့် မျက်နှာထား ပိုင်ဆိုင်သူမှာ လူပြောများသည့် မြို့ကဧည့်သည်ဆိုတာ မှားဖွယ်မရှိ။

YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...