လ၀န်းနှယ် ရွှန်းပြည့်ပါသော မျက်နှာ၀င်းပပဟာ ကောင်းကင်ယံမှာ ဟိုသည်လွန့်လူးလျက်။ ဖွဖွပြုလေသည့် အပြုံးများက သူ့ရင်အစုံကို ကလူကျီစယ်နေပါသလို။ အသံတိုးတိုးဖြင့် သူ၏အမည်နာမကို အခေါ်ပြုသည့် အခါ၌မူ ကြယ်တံခွန်ကိုပင် ခူးဆွတ်ပေးလိုက်ချင်မိပါသည့် မြတ်နိုးမှုမျိုး ဖြစ်တည်ချေ၏။ ထိုတဒင်္ဂ အမှောင်ထုအလယ်က လမင်းလေးဟာ ရုတ်ချည်းရောက်လာသော တိမ်စိုင်တို့၏ ဖုံးအုပ်ဆွဲငင်မှုကို ခံလိုက်ရရှာသည်။ အကြင်သူဆီ ဆန့်တန်းထားမိလေသော လက်ဟာ လေမှာတန့်လျက်။ လမင်းငယ်ဟာဖြင့် ဘယ်ဆီ ဘယ်၀ယ် ရောက်လို့ရောက်မှန်းမသိစွာ ဖမ်းဆုပ်မရနိုင်ပါချေတော့။
"နှင်းရယ်...."
မျက်နှာထက်မှာ သက္ကလတ်ဦးထုပ်ကို တင်ထားပြီး လက်တစ်ဖက်ကို ဟိုသည်လှုပ်ယမ်းနေသည့် လူငယ်ဟာ ရူးများနေသလားဟုပင် မြင်းလှည်းဆရာ ထင်မိနေသည်။ မြို့နေ ကောလိပ်ကျောင်းသား ဖြစ်ပုံရပါသော်ငြား ကြပ်ဖြင့် ပြည့်ဟန်မတူ။ အဘယ့်ကြောင့်ဆိုရမူ ဒီလို လမ်းခရီးကြမ်းတမ်းသည့် တောင်ပေါ်လမ်းမှ မရမက ဖြတ်လိုသည်ဟုဆိုကာ သူ့အား ဇွတ်တရွတ် ကြိုက်ဈေးပေး၍ ငှားလာသည်ကိုပဲကြည့်။ ယခုလည်း မြင်းရထားမှာ လှည်းဘီးကျွတ်၍ သူ့ခဗျာ တစ်ဦးတည်းတပ်ဆင်နေရပေသည်။ မောင်မင်းကြီးသားက ခရီးသွားဧည့်သည်ပီသစွာ အပင်ရိပ်မှာ အေးအေးလူလူ လှဲလျောင်း အိပ်စက်လို့နေလေ၏။ ကောင်းပေစွ။
သူရိန်နေမင်းကား အနောက်ဂေါယာကျွန်းဆီ မေးတင်လျက် နှုတ်ဆက်ထွက်ခွာဟန်ပြင်နေသည်။ ပုစွန်ဆီရောင်သမ်းလေသော တိမ်ဆုပ်တို့က လေမှာ မျောလျက် မိန်းမောလောက်သော အလှကို ခြယ်သသည်။ မှိုင်းညို့ပါလေသည့် ပဲခူးရိုးမ၏ အလှက နေ့အခါတွင် နှစ်သက်မြတ်နိုးဖွယ် လက်ရာမြောက် ပန်းချီတစ်ချပ်ဖြစ်ပါမူ ညအခါတွင် ထိတ်လန့်ဖွယ် တောနက်ကြီးသာ ဖြစ်ပေသည်။ အလှအပဖြင့် အရေခြုံထားပါသော အန္တရာယ်ချောက်သာဖြစ်လေ၏။ သားရဲတောကောင်နှင့် လူမိုက်ဓါးပြဟူသည် ဤသို့နှယ် ခေတ်ကာလတွင် ပြောဖွယ်ရာပင်မရှိ။ တောကြီးမျက်မည်းတွင် လူဖြစ်စေ၊ တိရိစ္ဆာန်ဖြစ်စေ မည်သို့သော တစ်ပါး၏ အစာမှ အဖြစ်မခံလိုပါချေ။
YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...