ကောင်းကင်ယံမှာ ကြယ်ပျောက်တို့က ဟိုတစ်စ ဒီတစ်စနှင့် လက်လင်းလို့ နေရှာသည်။ မှိတ်တုတ်မှိတ်တုတ် ပိုးစုန်းကြူးများကမူ လေမှာဝဲကာ ဟိုသည်အနှံ့ လူးလာခတ်ပျံသန်းလျက်။ လဆုတ်ရက်တို့ ရှည်၍လာသည့်အလျောက် ပျောက်ကွယ်လု လမင်းဟာ အလင်းအားဖျော့လှပါ၏။
"ဝှါး...."
ထမင်းဆိပ်တက်သဖြင့် ငိုက်မြည်းသော မျက်၀န်းတို့မှာ ကောင်းကင်အလှကို စာဖွဲ့မြင်နိုင်ဖို့ရာ မစွမ်းသာတော့။ မျက်၀န်းအိမ်အား လက်ချောင်းများဖြင့် ပွတ်သပ်လိုက်ပြီး ကျောဆန့်နေရာမှ ထထိုင်လိုက်သည်။
"ဘယ့်နှယ့်ရှိစ မောင်...ဗိုက်လေးရဲ့လား..."
"မေးရက်ပါပေ့ ကပ္ပိယကြီးရယ်...လေးသမှ သိပ်လေး...စားကောင်းလိုက်တာများ..."
"ဟဲဟဲ ဒီလိုပဲ ဖြစ်ရမယ်လကွာ..."
ကျော်စွာဦး သူ၏ မျက်၀န်းများကို မှေးကျဉ်းလိုက်ပြီး ရေနံဆီမီးရောင်အောက်က ကပ္ပိယကြီး၏ ပြုံးစစမျက်နှာထားအား အကဲခတ်လိုက်သည်။
"ကပ္ပိယကြီး ချက်တာ မဖြစ်နိုင်ပါဘူး...ကျွန်တော်မယုံဘူး..."
"ဟ...မင်း တစ်နေကုန် တစ်နေကမ်း လျှောက်သွားနေပြီး ငါ့ကိုများ မယုံသင်္ကာဖြစ်ရသေးလား...ဟေ့ လာလာချေသေး..."
ဆောင့်ကြောင့်ထိုင်လျက်သားမှ ကပ္ပိယကြီး၏ ခြေလက်များက လေမှာ လှုပ်ယမ်းကာ အငြင်းစကားဆိုပေ၏။
"နေ့လည်တည်းက ကျွန်တော် မေးနေတာကို ဒါချည်းပဲ ပြန်ဖြေနေတယ်...ထမင်းအိုး ဟင်းအိုးတွေဖြင့် ခြေရာလက်ရာတောင် မပျက်တဲ့ဟာ...ဟင်းတွေပန်းကန်ထဲ မန်းမှုတ်ထည့်လိုက်တဲ့အတိုင်းပါလား...ဒီဟာ ဘုန်းကြီးကျောင်း၀န်းနော် ဟင်း ဟင်း...လိမ်ရင် ဘယ်လိုအပြစ်ကြီးလဲ ကျွန်တော့်ထက် ကပ္ပိယကြီးက ပိုသိပါတယ်ဗျာ..."
"တယ် ဒီကောင်လေး..."
ကျော်စွာဦး ပြုံးလျက် အိပ်ယာခင်းလေပြီ။ အတူနေလာတာ တစ်ပတ် ဆယ်ရက်မျှသာ ကြာမြင့်သေးသော်ငြား ကပ္ပိယကြီးနှင့်သူ့မှာ တူသားရင်းသဖွယ် ဖြစ်လို့နေချေပြီ။ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိကာ စနောက်လိုက်ရမှ နေသာထိုင်သာရှိလှသည်။

YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...