(၂၀)

11 0 0
                                    

"ကပ္ပိယကြီး...ကလေးတွေလည်း မတွေ့ပါလားဗျ..."

ထမ်းပိုးလာ‌သော ဝါးစည်းကို ပစ်ချလိုက်ကာ ခုစရာအဖြစ် ပုခုံးမှာ ပတ်ချည်ထားသည့် အ၀တ်စကို ဖြည်ချလိုက်၏။ ခပ်တိုတို၀တ်ထားသော ပုဆိုးကို ပြန်ပြင်၀တ်လိုက်ရင်း စာသင်ဆောင်ကို ဝေ့ဝဲကြည့်ကာ အမောင်က မေးလာသည်။

"အိုကွာ...မင်းလည်းသိသားနဲ့ အလုပ်ရှိရင် ဘယ်ကလေးက စာလာသင်တာမှတ်လို့..."

အမောင်က လက်ခံစွာ ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။ စာသင်ဆောင်မှာ ကပ်ကာ အမိုးအကာဖြင့် ခိုင်ခိုင်လုံလုံရှိနေသော ရေအိုးစင်မှ ရေတစ်ခွက် ခပ်သောက်လိုက်ပါ၏။ အေးမြသော ရေက လည်ချောင်းအတွင်း ခုန်ဆင်းသွားကာမှ အပူဒဏ် သက်သာသွားသလိုပင်။ အမောင့်နောက်ပါး အလျှိုလျှို ရောက်ရှိလာသော ကာလသားတို့မှာလည်း ကိုယ်စီကိုယ်စီ ဝါးနှီး သက်ကယ်များနှင့်။

မိုးကျလာလျှင် သံဃာတော်များ ဆွမ်းစားဆောင်၏ သက်ကယ်မိုးက မလုံ။ နှစ်စဉ် အမိုးလဲကာ မိုးပါသော်ငြား ယိုစိမ့်ကျမြဲသာ။ ထို့အပြင် နှစ်အတော်ကြာ အသုံးပြုခဲ့သောကြောင့် ထရံကာများဆွေးနေပေပြီ။ ထို့ကြောင့် အလုပ်ပါးကာ အားသည့် နွေရက်များတွင် အမောင်က ဦးဆောင်လျက် ဆွမ်းစားဆောင်အား ပြင်ဆင်မွမ်းမံရန် ကြံနေကြခြင်းပင်။

"ကိုင်းဗျာ...အကုန်လုံး အမောပြေအောင် နားကြဦးပေါ့...ချွေးတိတ်လို့ အေးပြီဆိုမှ အိမ်ကိုပြန်ကြ...ဒီကနေ့တော့ ဝါးခုတ်ရ၊ လှည်းတိုက်ရ၊ ကျောင်းကုန်းပေါ် ထမ်းတက်ရနဲ့ အတော်လေးပင်ပန်းသွားကြပါပြီ...နက်ဖြန်ကာမှ ဆက်လုပ်ကြတာပေါ့..."

"အလုပ်ပါးတုန်းလေး ကိုယ့်ရွာဦးကျောင်းမှာ လုပ်အားကုသိုလ်ယူရတာ မောတယ်လို့ မမြင်ပါဘူး အမောင်ရာ...နို့ပေမယ့် နားဆိုတော့လည်း နားရတာပေါ့ ဟုတ်ဘူးလား...ပြောသာပြောရတယ် ဗိုက်တေလည်း ဟာလှပါပြီ နေ့လည်က စားခဲ့တဲ့ အိမ်က မိန်းမလက်ရာ ဟင်းကိုသာ ပြေးပြေးမြင်နေမိတာတော့ ငြင်းမရဘူးဟေ့..."

တဒီးဒီးကျနေသော ချွေးများအား အင်္ကျီစုတ်ဖြင့် ပွတ်သုတ်ရင်း အရွှန်းဖောက်သည့် ကိုလှဦးကြောင့် တစ်ဖွဲ့လုံး တဟားဟားနှင့် ပွဲကျသွားရပေသည်။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

ဇာတ်ဆရာအလိုကျWhere stories live. Discover now