(၁၇)

8 0 0
                                    

တန်ခူးလဆန်း ကိုးရက်ပင် ရောက်ချေပြီ။

ဆရာတော်၏ မိန့်ကြားထားမှုအရ လဆန်းတစ်ရက်နေ့မှ ခုနှစ်ရက်နေ့အထိ ခုနှစ်ရက်တိုင်တိုင် ရွာရှိ အမောင်ဦးဆောင်သည့် အားကောင်းမောင်းသန် ယောက်ျားသားတို့မှာ တောနင်းနေရ၏။ ထိုလူများဆီ သက်ဆိုင်ရာ အိမ်သူအိမ်သားများက ထမင်းချိုင့်ပို့ပေးရလေ့ရှိပြီး တောစပ်၌ အသင့်စောင့်နေသူထံ အပ်ခဲ့ရလေ့ရှိသည်။ တောတွင်းရှိ လူများမှအပ မည်သူမှ တောစပ်ကို ဖြတ်ခွင့်မရှိချေ။ သို့သော် ဤအချင်းအရာမှာ ရွာသူရွာသားတို့အတွက်တော့ အထူးအဆန်းဖြစ်နေသည့် အရိပ်ယောင်မတွေ့ရပေ။

ထိုရက်များအတွင်း၌ ဆရာတော်သည် တစ်ကိုယ်တည်း တံခါးပိတ် သီတင်းသုံးကာ ဂါထာတော်များရွတ်ဖတ်ခြင်း တရားကျင့်ခြင်းတို့ ပြုနေခဲ့၏။ ခုနှစ်ရက်ပြည့်သွားသည့် အခါ၌လည်း အနားယူဖို့ လိုအပ်သဖြင့် သီလပေးချိန်မှလွဲ၍ ကျောင်းဆောင်ပေါ်က မကြွပါချေ။

ကျော်စွာဦးနှင့် မြလေးမှာ ထိုရက်များအတွင်း ‌ကလေးများအား အလှည့်ကျ စာသင်ပေးရသည်။ မြင်နေတွေ့နေကျမို့ ခင်မင်မိကြသည်ကလည်း မဆန်း။ ထို့အပြင် မြလေးကျေးဇူးနှင့် ကျော်စွာဦးတစ်ယောက် ရွာထဲအနှံ့ လျှောက်သွားဖူးနေပြီ ဖြစ်လေသည်။ ယခုလည်း ညနေ နေအေးသည်နှင့် မြလေးအား အိမ်ပြန်လိုက်ပို့ရင်း စကားစမြည် ပြောလာကြသည်။

မြလေးက လက်ထဲမှ သေးသေးရှည်ရှည် ဝါးခြမ်းစိမ်းလေးကို ဟိုသည်ယမ်းလျက် ဆော့ကစားနေသည်။

"အစ်ကိုကျော်စွာကို အားကျလိုက်တာနော်..."

"ဘာဖြစ်လို့လဲ မြလေးရဲ့..."

"ဘာဖြစ်ရမလဲရှင့်...မြို့သား ကောလိပ်ကျောင်းသားလို့ မပြောရဘူး...ဘိုစာမှာ အရမ်းတော်တာလေ...မြလေးဖြင့် ဘိုစာဆို ခက်လွန်းလို့ လှည့်တောင်မကြည့်ရဲပါဘူး...အစ်ကို စာလုံးလေးတစ်လုံးကို အသံထွက်လိုက်တိုင်း မြလေး ကြိတ်ပြီး အသံထွက်ကြည့်တာနဲ့ အမြဲလွဲနေတော့တာ..."

"ဟားဟား...မြလေးကသာ အထင်ကြီးနေတာဗျ...ကောလိပ်မှာတော့ ကျွန်တော်က ဘိတ်ချေးပဲ..."

ဇာတ်ဆရာအလိုကျWhere stories live. Discover now