(၁၂)

18 0 0
                                    

"အရှင်ဘုရား... တပည့်တော်ကို ခေါ်တယ်ဆိုလို့..."

"အေးကွဲ့...ထိုင်ပါဦး..."

"တင်ပါ့ဘုရား..."

သီလပေးအပြီး ကျောင်းဆောင်သို့ ပြန်ကြွလာသည့် ဆရာတော်၏ ရှေ့မှောက်မှာ ကျော်စွာဦး ခပ်ရို့ရို့ထိုင်လိုက်၏။ ဆရာတော်က သူ့အား စေ့စေ့ကြည့်ကာ ခပ်အေးအေးဆိုသည်။

"ဒဏ်ရာရော ပျောက်ပြီလားကွဲ့..."

"သက်သာနေပါပြီဘုရား....လမ်းကောင်းကောင်း လျှောက်နိုင်နေပါပြီ..."

"အမာရွတ်တော့ ကျန်မယ်ထင်တယ် မင့်ဒဏ်ရာက ကြီးတာကိုး..."

"ယောက်ျားပဲဘုရား အမာရွတ်ရှိလဲ ရှိပါစေပေါ့လေ..."

"အိမ်း...မင့်အသားအရည်က ဖြူပါဘိသနဲ့ အမာရွတ်ကျန်နေမှာ နှမြောစရာပဲ...ဒါနဲ့ ပြန်တော့ဖို့နည်းလမ်း စဉ်းစားဖြစ်သလား..."

ကျော်စွာဦး နှုတ်ခမ်းဖျားအား ဖွဖွဖိကိုက်လိုက်မိပါ၏။ ဧည့်သည်ဖြစ်လေသူမှာ ခပ်ကြာကြာ နေလို့ရနိုင်မည့်အရပ် ရှာတွေ့ဖို့ ခက်လျော့ထင်ပါသည်။

"‌မပူပါနဲ့...မောင်ရင် ပြန်ဖို့အတွက် ဦးဇင်းက ရွာသားတွေနဲ့တိုင်ပင်ပြီး လမ်းမကြီး ရောက်သည်အထိ အစစအရာရာ စီစဉ်ပေးပါ့မယ်...အခါရက်ဆိုရင် ရွာသားတွေ အလုပ်ရှုပ်ဦးမှာဆိုတော့ အခါမတိုင်မီ ပို့နိုင်အောင် လုပ်‌ပေးမယ် ဟုတ်ပလား...ဒီကြားထဲ ဒဏ်ရာအရှင်းပျောက်သွားအောင် အေးအေးသက်သာ ကုပေဦး..."

ကိုက်မိထားသည့် နှုတ်ခမ်းလွှာအား လွှတ်ကာ ဆရာတော်ထံ မဝံ့မရဲ မော်ဖူးလိုက်သည်။

"ဆရာတော်ဘုရား...အချိန်တိုအတွင်းမှာ တပည့်တော်အပေါ် ကောင်းပေးခဲ့တဲ့ ဆရာတော်နဲ့ ဒီရွာသား‌တွေကို အမှန်တကယ် ကျေးဇူးတင်မိပါတယ်...တပည့်တော်ကို မျက်နှာပြောင် တိုက်တယ်ပဲဆိုဆို ဟို... ဒီရွာမှာ ဆက်ပြီးနေဖို့ ခွင့်ပြုနိုင်မလားဘုရား..."

"ဟေ...ဘာဖြစ်လို့တုန်းကွ..."

"အမှန်တော့ တပည့်တော်ဟာ နေရပ်က ထွက်ပြေးလာပြီး ရှေ့ဦးတည့်ရာ လျှောက်သွားနေမိတဲ့ သူပါဘုရား... ဒီရွာလေးကို အတိတ် ရေစက်ကံပါလို့ ကြုံကြိုက်ခဲ့ရပြီး အေးချမ်းမှုက တပည့်တော်ကို ဆက်နေချင်မိစေတဲ့ စိတ်နှလုံး ဖြစ်ပေါ်လာစေပါတယ်ဘုရား...အရှင်ဘုရား ထားရာနေ စေရာသွား လိုက်လျောညီထွေ နေပါ့မယ်...တပည့်တော်ကို ဆက်လက် လက်ခံပြီး နေထိုင်ခွင့်ပြုပေးဖို့ တောင်းပန်ပါတယ်ဘုရား..."

ဇာတ်ဆရာအလိုကျWhere stories live. Discover now