လွန်ခဲ့တဲ့ နှစ်၅၀ ၀န်းကျင်က ဒီနယ်တစ်ခွင်မှာ ဦးတင့်နဲ့ ဒေါ်သင်းမြိုင် ဆိုရင် မသိတဲ့သူ မရှိသလောက်ကို ထင်ရှားတယ်။ ကြွယ်၀တာက တစ်ကြောင်း အလှူအတန်းရက်ရောတာက တဖုံပဲမို့ ရွာသားတွေအပေါ် ရွာလူကြီးထက်ကို ဩဇာညောင်းကြတဲ့သူတွေပေါ့။ ဦးတင့်ရဲ့အိမ်က တစ်ရွာလုံးမှာ အလှဆုံး အကြီးကျယ်ဆုံးပဲ။ အခုမြင်တွေ့ရတဲ့ ခြံ၀န်းအတိုင်းပေမယ့် အိမ်ကတော့ အခုအတိုင်းနဲ့ အများကြီးကွာခြားတယ်။ ဦးတင့်က လယ်တွေအတော်များများပိုင်ပြီး ကုန်အရောင်းအ၀ယ်လည်းလုပ်တာမို့ ကုန်သည်ကြီးတွေကြားမှာလည်း နာမည်ကြီးတယ်။
ဖျတ်လတ်သန်မာတဲ့အရွယ်မှာ စီးပွားရေးကို အတော်အားစိုက်တတ်သူမို့ အိမ်က ဇနီးအနား ကပ်ချိန်ဟာ သိပ်နည်းတာပေါ့။ ဒါကြောင့် သူတို့လင်မယားမှာ အချိန်တစ်ခုကြာတဲ့အထိ သားသမီး မထွန်းကားခဲ့ဘူး။ အရပ်ထဲကလူတွေဟာ ကွယ်ရာမှာ မသင်းမြိုင်ဟာ မြုံနေတယ် လို့တောင် သမုတ်ကြတယ်။ ဒီလို သားသမီး မထွန်းကားခြင်းဟာ အမောင့်ကို သူတို့ဘ၀ထဲ၀င်ရောက်လာစေတဲ့ အကြောင်းရင်းပဲပေါ့ကွယ်။
တစ်ရက် ဦးတင့်ဟာ ကုန်တွေရောင်းပြီး မြို့ကနေအပြန် မြင်းလှည်းငှားစီးခဲ့ပြီး အဲ့ဒီ မြင်းလှည်းပေါ်မှာပဲ လူနှစ်ယောက်နဲ့ ဆုံခဲ့တယ်။ လူမမယ်ကလေးတစ်ယောက်နဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်ပေါ့။ ခရီးသွားအချင်းချင်း နှုတ်ဆက်ကြ၊ စကားတွေ ဆိုမိကြရာက အမျိုးသားဟာ ဦးတင့်ကို အကူအညီတစ်ခု တောင်းလာတော့တယ်။ သူ့မှာ အတော်လေး ခက်ခဲကြပ်တည်းတဲ့ အခြေအနေကို ကြုံတွေ့နေရတာမို့ သူနဲ့ အတူပါလာတဲ့ ကလေးကို ခနလောက် စောင့်ရှောက်ပေးမယ့်သူ လိုနေပါသတဲ့။ ဦးတင့်မှာ သူ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အဆက်အသွယ်များရှိရင် ကူညီပေးပါလို့ ဆိုတယ်။
သန့်ပြန့်တဲ့ ၀တ်စားပုံ၊ ရည်မွန်တဲ့ ပြောဆိုပုံတွေကြောင့် ဦးတင့်ဟာ အဲ့ဒီအမျိုးသားနဲ့ကလေးကို ကူညီချင်ခဲ့တယ်။ အထည်ကြီးပျက် မိသားစုတစ်ခုက ဖြစ်မယ်လို့လည်း ခန့်မှန်းခဲ့မိတာပေါ့။ ဒါနဲ့ပဲ နောက်ဆုံးမှာ နှစ်ယောက်လုံးကို တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် အချိန်တစ်ခုထိ အလုပ်ပေးပြီး ခေါ်ထားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အမျိုးသားက လက်မခံခဲ့ဘူး။ သူက အရွယ်ရှိတဲ့ လူတစ်ယောက်မို့ ကိုယ့်၀မ်းကိုယ် ကျောင်းလိုတဲ့အကြောင်း ဒီကလေးကိုသာ သူ့အစား ခနစောင့်ရှောက်ပေးလိုကြောင်း တွင်တွင်ပြောတယ်။ တနေ့မှာ ကလေးကို ပြန်လာခေါ်ပါ့မယ်လို့လည်း ကတိတွေ အထပ်ထပ်ပေးရှာတယ်။

YOU ARE READING
ဇာတ်ဆရာအလိုကျ
Storie d'amoreလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...