(၁၅)

28 1 0
                                    

ခင်နှောင်း၏ လက်တွင်း၀ယ် ရေအပြည့်ပါသော သောက်ရေတစ်ခွက်နှင့်။ အိမ်အောက်ထပ်က နေရာလပ်မှာ ထိုင်လျက် ခေါင်းပေါင်းလာသည့် သဘက်ကို ဖြည်ကာ မျက်နှာအနှံ့က ချွေးတို့ကို သုတ်ဖယ်နေသည့် မိန်းကလေးထံ ရေခွက် ကမ်းလိုက်လေ၏။

"ရော့ ရော့ ရေသောက်ပြီး အမောဖြေချေဦး...မိကျေးဥရယ် အိမ်ဘက်မလာ မလာနဲ့ မျှော်လိုက်ရတာဆိုတာ...သက်ငယ်ရိတ် လိုက်မယ်ဆိုလည်း ကြိုပြောမှပေါ့...ငါ့မယ် ညည်း ဒီနေ့မှ ပေါ်မလာရင် အရီးမြဆီ အိမ်တိုင်‌ရာရောက် သွားမေးမယ် စိတ်ကူးနေတာ..."

လည်ချောင်းထဲကျသွားသော ရေအေးတစ်ခွက်ထက် အစ်မ၏ သူမအား လွမ်းဆွတ်ကြောင်းစကားများက ပူလောင်လှသော နွေကို အံတုနိုင်ဖို့အထိ အေးမြသွားစေပါသည်။ ပါးကွက်ပါးပါးကျံထားသော အစ်မပါးပြင်ကိုကြည့်မိတော့ ချွေးစို့ကာ ဂျေးကြောင်းထနေသည့် သူမ၏ အကျည်းတန်မှုကြောင့် အားနာ သိမ်ငယ်ရပါ၏။ ဖုန်အထပ်ထပ် ပေကျံနေသော မိမိထံမှ အောက်သိုးသိုး ချွေးနံ့ဆိုးကို အစ်မနှာဖျား မထိပါးမိစေရန် ခပ်ခွာခွာ ထိုင်ဖြစ်ကြောင်း အစ်မကဖြင့် သိဟန်မတူ။

"ကျေးဥ လာမှာပေါ့ အစ်မရယ်...အစ်မကို မတွေ့ရပဲ ကျေးဥ မနေနိုင်ပါဘူး...သက်ငယ်ရိတ်လိုက်ဖို့မပြောဖြစ်တာ စိတ်မဆိုးပါနဲ့...တောင်ပိုင်းက ဘကြီးမိုးကို ပေးစရာရှိတာနဲ့ သက်ငယ်ရိတ် လိုက်ပြီး ချေလိုက်ရတာပါ...ကျေးဥ မမောပါဘူး အစ်မရဲ့ ငယ်ငယ်တည်းက ကျွမ်းကျင်တဲ့အလုပ်တွေပဲဟာ...နောက်ပြီး အမေ့ဆီ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် မလာပါနဲ့ အစ်မရယ်...နေရင်းထိုင်ရင်း လူတွေက အစ်မကိုပါ မဟုတ်တန်းတရားတွေ ပြောဆိုနေကြမှဖြင့် ကျေးဥ ဒေါသဖြစ်ရပါဦးမယ်..."

ခင်နှောင်း သက်မ ချမိ၏။ ငယ်စဉ်တည်းက ဖတဆိုးလေးဖြစ်ခဲ့ရသော မိကျေးဥဘ၀က ကြမ်းလှသည်။ 'မရှိခိုးနိုး၊ မလှစုန်းရိုး' စကားပုံဟာ မိကျေးဥအတွက် တမင်ချန်ရစ်သည့်စကားအလား ထင်မှတ်မှားဖွယ်ပေ။ အနှိမ်ခံရသည့် ဘ၀မျိုး လုံးလုံးလျားလျားမဟုတ်ပေမယ့် သိမ်ငယ်ရသည့် ဘ၀ကို ပိုက်ထွေးထားရသူ ဖြစ်သည်။

"ကဲပါ အစ်မရယ် သက်ပြင်းကြီးမချပါနဲ့...ကျေးဥ သက်ငယ်ရိတ်တာ အကြွေးကျေရုံမကဘူး ပိုက်ဆံတောင် ထပ်ရပါသေးတယ်...သင်္ကြန်ကျရင် ဘုန်းကြီးကျောင်းကို မုန့်လုံးရေပေါ်တစ်ချိုင့်တော့ ဆွမ်း၀တ် ထည့်ဖို့ ဖူလုံတယ်တော့်..."

ခင်နှောင်း ဖွဖွကလေး ပြုံးရယ်လိုက်ကာ မိကျေးဥ၏ဆံစများအား ကရုဏာသက်စွာ ပွတ်သပ်လိုက်မိသည်။

"ဟောဒီမှာ အစ်မအတွက် ချောင်းစပ်က ကတွတ်သီးမှည့်တွေ ခူးလာခဲ့တယ်...အခုစားလို့ရတယ်နော် ကျေးဥ ချောင်းရေနဲ့ ဆေးလာခဲ့ပြီးသား...ကြိုက်ရဲ့မို့လား...ဒါနဲ့ နောက်လေးငါးဆယ်ရက်လောက် ကျေးဥ လာနိုင်ဦးမှာ မဟုတ်ဘူး...သက်ငယ်ပျစ်ပေးဖို့ ဘကြီးမိုးကို ကတိပေးထားလို့...အဟီး..."

သူမစကားကြောင့် ခင်နှောင်းက မျက်စောင်းလှလှ ထိုးရှာ၏။ ကတွတ်သီးမှည့်တစ်လုံးကို အလယ်မှ ဆွဲခွာလိုက်ပြီး ပေါ်လာသည့် အတွင်းသားတို့ကို စုပ်ယူ စားလေသည်။ ခင်နှောင်း၏ အကျင့်က ထိုသို့နှယ်ပါပေ။ အခွံကိုမစားပဲ အတွင်းသားကိုသာ ကြိုက်တတ်သူ။

"လက်အိတ်၀တ်ဖို့ မမေ့နဲ့ တော်ရေ...နောက်တစ်ခေါက် ပြန်တွေ့ရင် ညည်းလက်မှာ သက်ငယ်ရှရာတွေ ရှိရဲရှိကြည့်...အနှောင်းအကြောင်း သိမယ်..."

မိကျေးဥ ဇက်ကလေးပုကာ ရယ်၏။ ခင်နှောင်း၏ စိုးရိမ်တတ်မှုက ချစ်စဖွယ်ကောင်းလွန်းလေသည်။

"အစ်မ..."

"ဟင်..."

"ဟိုအစ်ကိုလေးရော ဘယ်လိုနေလဲ..."

"ဪ ဟုတ်သား ပြောရဦးမယ်...မနေ့က အဘ‌ပြောတာတော့ မောင်ငယ့်ကို ဒီရွာမှာနေခွင့်ပေးဖို့ ဆရာတော်က မိန့်တယ်တဲ့လေ..."

"ဟင် ဟုတ်လား...ဘယ်လိုဖြစ်လို့လဲ..."

"အစ်မလည်း မသိဘူး...ဒါပေမယ့် အဘရော ‌အမောင်ရော အခြားသူတွေကပါ ဆရာတော့်ဆန္ဒမို့ သဘောတူခဲ့လိုက်ကြတယ်တဲ့...ကြည့်စမ်း မိကျေးဥ...မောင်ငယ်က ငါတို့ရွာသား ဖြစ်လာတော့မှာ..."

ရွှင်မြူးနေသော အစ်မကိုကြည့်ရင်း မိကျေးဥ အလိုလို ပြုံးမိသွားရ၏။ မောင်နှမရင်းချာ မရှိတဲ့ အစ်မဟာ အဲ့ဒီမြို့သားလေးကိုလည်း သွေးသားရင်းနှယ် ချစ်ခင်နေပြန်လေပြီ။  အစ်မရဲ့ အချစ်တွေကို သူမအပြင် အခြားသူကပါ ခွဲဝေယူတော့မှာကို စိတ်ထဲ မလိုလားသော်ငြား အစ်မပျော်နေလျှင် မိကျေးဥ ဘာမှကို အထွန့်မတက်လိုတော့ပါချေ။ မိကျေးဥ ဘ၀မှာ အစ်မ‌ခင်နှောင်းသည်သာ အရာရာ မဟုတ်ပါလား။

TBC

ဇာတ်ဆရာအလိုကျWhere stories live. Discover now