(၉)

23 1 0
                                    

သူကြီးအိမ်ပေါ်တွင် ရွာလူကြီးများ၊ အားကိုးရသည့် ကာလသားအချို့နှင့် အမောင်ရှိနေသည်။ သူကြီးအပါအဝင် လူတိုင်းဟာ အမောင့်စကားများကို အာရုံစိုက် နားထောင်လျက် မျက်နှာထက်မှာ အမူအရာအမျိုးမျိုး ပြောင်းလျက်ရှိပေသည်။

"လုပ်ငန်းရှင်ကြီးတွေက အချင်းချင်း လက်ဝါးရိုက်ပြီး တောင်သူတွေဆီက ဈေးနှိမ်၀ယ်ကြ၊ တစ်ဖက်မှာကျ ဈေးကောင်းကောင်းနဲ့ပြန်ရောင်းကြ၊ ဟော တောင်သူတွေ မျိုးစေ့ပြန်ဝယ်ချိန်ကျ မျိုး‌ဈေးကို မတန်တဆတင်ကြပြန်ရော...သုံးနှစ်လောက် အဲ့ဒီလုပ်ရပ်တွေ ခံထားရတော့ တောင်သူတွေဟာ ရှုံးပြီးရင်းရှုံး မွဲပြီးရင်းမွဲဖြစ်နေကြရတဲ့ ဒဏ်ကို မခံနိုင်ကြတော့ဘူး...အခုဖြစ်လက်စ အထိကရုဏ်းဟာ မကြာခင် ပိုကြီးလာဖို့ပဲ ရှိတယ်..."

"ဒီလိုဆို ပွဲရုံကိစ္စလည်း အခက်သားပေါ့..."

အမောင်ဟာ အေးစက်စပြုနေပြီဖြစ်တဲ့ ရေနွေးကြမ်းကို တစ်ငုံမျှ ယူသောက်သည်။

"ပဲခူးက ကျွန်တော့်မိတ်ဆွေဟာလည်း အရင်နှစ်များက ကျွန်တော်တို့အပေါ် ဈေးကောင်းတွေပေး၀ယ်နေတာကို အမှန်တော့ သူ့အထက်ကလူကြီးတစ်ဖြစ်လဲ သူ့ပထွေး မသိဘူးဗျ...ကျွန်တော့်မိတ်ဆွေဟာ ဉာဏ်ပြေးတယ်၊ နှုတ်ချိုတယ်...သူက ကိုယ့်လူမျိုးအချင်းချင်း ခေါင်းပုံမဖြတ်လိုတဲ့အတွက် သူ့ဆီရောင်းသမျှကုန်ကို ဈေးမှန်ပေးတယ် အဲ တစ်ဖက်က ကုလားပြည်ကိုပို့မယ့် လုပ်ငန်းရှင်တွေကိုတော့‌ ဈေးပြန်တင်ပြီး ရောင်းလိုက်တယ်...ဒီနည်းနဲ့ သူဟာ ငွေတွေကို တစ်ဖက်လှည့်နဲ့ ပြန်ဖြည့်နေလေတော့ သူ့ပထွေးဖြစ်သူက လုံးလုံးမရိပ်မိခဲ့တာပဲ...အခု လုပ်ငန်းခွဲပြီး ပွဲရုံထောင်ဖို့ ခွင့်တောင်းကာမှ သံသယစ၀င်လာတာ...သံသယဆိုတာထက် သူရနေကျ အမြတ်အစွန်းထဲကနေ မယားပါသားကို မျှမပေးချင်လို့ အပြစ်ရှာချင်တဲ့သဘောပေါ့လေ...ဒါကို ကြိုရိပ်မိလို့လည်း ကျွန်တော်တို့ ပွဲရုံကို ရန်ကုန်မှာ ပိုင်ရှင်အမည်လွှဲနဲ့ တိုးတိုးတိတ်တိတ် ဖွင့်ဖို့ ရည်ရွယ်ထားခဲ့တာပေါ့ဗျာ...ခက်တာက အခု အဓိကရုဏ်းက ဖြစ်နေလေတော့ ဘာတစ်ခုမှ မပြင်ဆင်နိုင်တော့ပဲ ခေတ္တစောင့်ကြည့်ရမယ့် အခြေအနေ ရောက်သွားတယ်...ရန်ကုန်မှာ အတော်လေး အခြေအနေမကောင်းဘူးဗျ...ဗြိတိသျှတွေ ခေါ်သွင်းထားတဲ့ ကုလားလူမျိုးများဟာ သိပ်လူပါး၀တယ်...မကြာခင် လူမျိုးရေးအဓိကရုဏ်းထိပါ ကူးပြောင်းသွားနိုင်တယ်..."

ဇာတ်ဆရာအလိုကျWhere stories live. Discover now