(၁၄)

8 0 0
                                    

နွေရာသီပေမို့ ရာသီဥတုက ညအိပ်စက်ချိန်အထိ ပူချက်သားကောင်းနေခဲ့သည်။ ခြံ၀န်းကျဉ်းလေးထဲက ရေချိုးရန်နေရာမှာ လုံချည်ရင်လျားထားသော မိန်းမပျိုတစ်ယောက် ရှိနေ၏။ တစ်ညနေလုံး ခပ်ယူထားသည့်ရေတွေက ရာ၀င်စဉ့်အိုး သုံးလုံး၌အလျှံအပယ်။ လဆုတ်ရက်မို့ အားနည်းသော လရောင်အလင်းကို အားကိုးမရသည်မို့ ‌လက်ဆွဲမီးအိမ်ကို အနားယူထားရသည်။ ဖန်သားဖြင့်ပြုလုပ်ထားသော မီးအိမ်ကို ကျကွဲမှာစိုးသဖြင့် အမြင့်၌လည်း မတင်ရဲ။ အသစ်စက်စက်မို့ အမေကြီး ဆူမှာကိုလည်း ငုဝါကြောက်ပါ၏။ ထို့ကြောင့် ရေချိုးရန်ချထားသည့် သစ်သားခင်းပြားပေါ်တွင်သာ ထားရသည်။

ဖန်သားကို ဖောက်ထွင်းကာ ထွက်ပေါ်နေသော မီးရောင်က ဝါကျင်ကျင်ရှိ၏။ အ၀တ်တွေကို အားစိုက်လျှော်နေသော မိန်းမငယ်၏ မျက်နှာမှာ မီရောင်အားကိုးဖြင့် တောက်ပနေသယောင်။ အ၀တ်လျှော်လိုက် ရေလောင်းလိုက်နှင့် ထချည်ထိုင်ချည် လုပ်ပါများသောအခါ အတားအဆီးအဖုအထစ်နည်းပါးသော ကိုယ်ဟန်ကြောင့် လုံချည်က မကြာခနလျှောကျနေသည်။ ခနခန ပြင်၀တ်ရလွန်းသဖြင့် ငုဝါ စိတ်ပင်မရှည်ချင်တော့။

ငုဝါက အမေကြီးအ၀တ်ရော သူမ၏ အ၀တ်များကိုပါ တပါတည်း ဂရုတစိုက် လျှော်နေရပေ၏။ အမေကြီးက အိပ်နှင့်ပြီဖြစ်တာမို့ မနိုးသွားစေရင် အသံမဆူအောင် ဂရုစိုက်ရပြန်သည်။ အတွင်း၀တ်များကို သပ်သပ်လျှော်ခိုက် အိတ်ကပ်ပါးအတွင်းမှ တစ်စုံတစ်ခုက အသံပေးကာ ထွက်ကျလာသည်။ ပြောင်ပြောင်လက်လက် ဝါရွှေအောင် ကွင်းငယ်က ဟိုသည်လိမ့်နေရင်းမှ သူမခြေဖျားမှာရပ်ကာ နားခို၏။ ငုဝါထိတ်လန့်သွားမိသည်။

လွန်ခဲ့တဲ့ရက်က ချောင်းစပ်ဆူးချုံထက်မှ ကောက်လာခဲ့သော အနှီလက်စွပ်လေးကို သူမ မေ့နေခဲ့တာဖြစ်သည်။ ဆပ်ပြာကြောင့် နောက်တစ်ကြိမ် ချော်ထွက်သွားမှာစိုးတာကြောင့် အမြန်ကောက်ယူကာ လက်မှာ၀တ်ထားလိုက်သည်။ အမှောင်ထဲမှာ ပျောက်နေမှဖြင့် ရှာနိုင်ဖို့က ခက်သည်လေ။ ထူးဆန်းစွာပင် လက်စွပ်ဟာ သခင်ကိုရှာတွေ့သွားသလိုမျိုး ငုဝါ၏ လက်သူကြွယ်မှ ကွက်တိကျ ရစ်ပတ်နေတော့၏။

ဇာတ်ဆရာအလိုကျWhere stories live. Discover now