နေမွန်းစောင်းချိန် ပျင်းရိပျင်းတွဲ့ရှိလှပေသည့် အချိန်ပါပေ။ ထမင်းဆိပ်တက်သည့်အချိန်ပေမို့ တရေးတမော အိပ်လိုက်ရရင်ဖြင့် အလွန်မှ ကျေနပ်စရာကောင်းမှာ ဖြစ်၏။ သို့သော် အပျိုပေါက်စ ခင်ရီတစ်ယောက်တော့ အင်္ကျီတွေ မီးပူတိုက်လို့နေသည်။ စောင်ထူထူခင်းကာ မီးကျဲခဲရဲရဲထည့်ထားသောမီးပူကို ကျောက်ပျဉ်ပေါ် ချီတလှည့် ချတလှည့်နှင့် အလုပ်ရှုပ်နေရှာ၏။ ခင်ရီနံဘေးမှာ ကော့ညွတ်နေအောင် အပူတိုက်ခံထားရသည့် အင်္ကျီ၊ လုံချည်တို့က သပ်သပ် မတိုက်ရသေးသည့် အ၀တ်ပုံက သပ်သပ်။
"ဪ...ဆောင်း ဆောင်း ဆောင်းကြာခြည်...ပေါင်း ပေါင်း ပေါင်းဖို့ အချိန်မီ...ဣန္ဒဏီစိန်စီခန်း၀သို့ ကြွစေချင်သည် နှမရွှေရင်ဆီ မှန်း မှန်း မှန်းဆနေပါပြီ..."
ရေဒီယိုမှ ပျံ့လွင့်လာသော သီချင်းသံကို ကျယ်ကျယ်လောင်လောင် လိုက်လံဆိုညည်းနေရင်း အပျိုပေါက်လေးခဗျာ ပူရကောင်းမှန်းပင် မသိ။ ပြတင်းပေါက်တွေ ပတ်လည်ဖွင့်ထားသည်မို့ လေအေးတွေပင် တိုက်လို့နေသေးသည်။
"မပူဘူးလား ခင်ရီရယ်...ညနေမှ အေးအေးဆေးဆေး တိုက်လဲ ရတာကို...လာ အစ်မအနား ခနလာထိုင်ပါအုံး..."
အခန်းထဲမှ ထွက်လာသည့် မြလေးက ခင်ရီ့ဆီ ဆိုလိုက်ရင်း ခင်ရီအလုပ်လုပ်နေသည့် နံဘေးတန်းလျားမှာ ထိုင်လိုက်သည်။ ခင်ရီက ခပ်ပြုံးပြုံးနှင့်။ လက်ထဲက မီးပူကို ခနချ ရေဒီယို အသံကို တစ်ချက်မျှ ပိုချဲ့ပေးလိုက်ပါ၏။ ဆံပင်ရှည်တွေကို ကျစ်ဆံမြီးကျစ်ကာ ကျောမှာ ဖြန့်ချထားပြီး လေတဖြူးဖြူးတိုက်ခတ်သည့်အခါ နဖူးပြင်က ဆံစတွေ ဝဲလွင့် ကခုန်နေသည့် မြလေးမျက်နှာ အလှပိုနေပုံက မင်းသမီးတစ်လက်နှယ်။ ပန်းပွင့်အကြီးကြီးတွေနှင့် အဝါရောင်အောက်ခံပါရှိသည့်လုံချည် အဝါရောင်အပါးသားရင်စေ့နှင့် ဖွံ့ထွားသည့် ကိုယ်လုံးပြည့်ပြည့်ကို ပိုလို့ ထင်ပေါ်စေသည်။ တန်းလျားပေါ် တင်ပလွှဲထိုင်၊ ပြူတင်းဘောင်ပေါ်လက်တစ်ဖက် ထောက်ကန်ထားပြီး သီချင်းကို လိုက်ညည်းနေပုံက ယဉ်စစနှင့် ပျင်းရိနေဟန်ပါပေ။
"ညနေကျ မနုကြွေဆီ အစ်မအပ်ထားတဲ့ အထည်တွေ သွားရွေးရအုံးမယ်မလား...မပူပါဘူး အစ်မရယ်... အစ်မ အ၀တ်အစားလှလှတွေ ကိုင်နေရရင်ကို ခင်ရီက ပျော်နေတာ..."
YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...