ဘုရားကုန်းပတ်လည်တွင် ဘယ်အရပ်သို့ဆင်းချ ဆင်းချ မျိုးစုံလေသော သစ်ပင်ပန်းမန်တို့က အခန့်သား နေရာယူထားသည်ချည်းပင်။ မြောက်တောစပ်က ကံ့ကော်ပင်ခြေ၌မူ ပွင့်ချပ်တို့ ဖွေးရွစွာဖြင့် ဖူးနေပါသော ပန်းငုံခက်များအား မော့ကြည့်ကာ မျက်၀န်းအရောင်တို့ တဖျတ်ဖျတ် လက်နေကြသည့် ကလေးတသိုက်ရှိသည်။ ပင်စည်အောက်မှနေ၍ ပင်ယံထက် ဟိုသည်ငေးကာ သူ့ထက်ငါ လက်ညှိုးညွှန်နေကြလျက်။
"ဒီကိုင်းက ငါ့အတွက်ပဲ..."
"ဒီကိုင်းက ငါဦးလိုက်ပြီကွာ..."
"ဒါဆို ငါက ဒီကိုင်းပဲ..."
"ပေတလူး ငါနဲ့ ကိုင်းချင်းလဲရအောင်..."
"မရပါဘူး မင်းအရင်ဦးတာလေ...ခုမှ ငါယူတဲ့ကိုင်းနဲ့ မလဲချင်စမ်းနဲ့..."
နာမည်နဲ့လိုက်အောင် ပေတူးနေသော အ၀တ်အစားနှင့် ကလေးငယ်သည် ပြူတစ်ပြူတစ်ဖြစ်နေသော နှပ်ရည်များအား ရှိုက်သွင်းလို့မနိုင်တော့သဖြင့် လက်ခုံဖြင့် ပွတ်သုတ်လိုက်သည်။
"ဆိုးပေကလည်း ဒီတစ်ခါတည်းပါကွ..."
"မရဘူးဆိူ မရဘူးပဲ..."
ဆိုးပေက ခေါင်းကို တွင်တွင်ခါလျက် ငြင်းမြဲသာ။ ခါရလွန်းသဖြင့် ခေါင်းပင် ကိုယ်မှ ပြုတ်တော့မတတ်။ ထိုအခိုက်၀ယ် ကလေးအုပ်စု၏ နောက်နားဆီမှ အသံတစ်စ ပေါ်လို့လာ၏။ လူငယ်ဟာ ရေညှိစိမ်းတစ်၀က် တက်လို့နေသော အုတ်ရိုးဟောင်းပေါ် ထိုင်လျက်ရှိသည်။ နံဘေးတွင်မူ လမ်းလျှောက်ရာ၌ ကူဖို့ရာ အသုံးပြုသည့် သစ်သားထောက်တံကလည်း ရှိနေသည်။
"ဟေ့ကောင်လေးတွေ ကျောင်း၀န်းထဲ အော်ကြီးဟစ်ကျယ် မငြင်းကြနဲ့လေ...ဖိုးသံလုံး မင်းတို့ ရွေးလို့ပြီးပြီလား...ပြောတော့ တစ်ဖွဲ့လုံးမှ သုံးကိုင်းပဲ ယူမှာပါဆို... ငါ့အလှည့် မကျသေးဘူးလားကွ..."
ဖိုးသံလုံးက လူသာငယ်တာ အဖွဲ့ထဲမှာတော့ ဂေါင်သူကြီးဖြစ်သည်။ လူကောင်က သေးသေးညှပ်ညှပ်နှင့်မို့ အသက်က ကိုးနှစ်ဟု ရုတ်တရတ် ထင်ရက်ဖွယ်မရှိ။ ကျော်စွာဦးသည်ပင် ရှိလှ ခုနစ်နှစ်ဟု မှတ်နေခဲ့တာဖြစ်သည်။ လူသေးသလောက် အာဏာက မသေး၊ ဆရာတော်နား ကပ်ခွင့်အရဆုံးနှင့် အရဲဆုံးက ဖိုးသံလုံးပေမို့ ကျန်ကလေးများမှာ သူ့ကို ကြောက်ရသည်။ ဆရာကြီးနေရာ ပေးထားရသည်။ ကလေးတွေထဲမှာ အသက်ဆယ့်တစ်နှစ်ဆိုတာ အလွန်ဆုံးပဲဖြစ်သည်။ ထို့ထက်ကြီးသွားပါမူ စာအရေး စိတ်မ၀င်စားကြတော့ပဲ လူကြီးများနှယ် အလုပ်ဖက်သာ အားရောက်သွားကြတော့သည်။
YOU ARE READING
ဇာတ်ဆရာအလိုကျ
Roman d'amourလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...