(၇)

28 0 0
                                    

နောက်ဆုံးညမို့ ရောင်နီပျို့စ အချိန်မှ ပွဲက သိမ်းသည်။ တစ်ပါးရွာသားတို့လည်း ပြန်ချေပြီ။ ဇာတ်ရုံအတွင်းမှာမူ ဇာတ်အဖွဲ့သားတို့ ပင်ပန်းလျက် အိပ်ရန်ပြင်နေသည်။ အစောထပေါင်းရသော ကောက်ညှင်းပူပူကို ချိုင့်ဖြင့်သယ်လျက် အငြိမ့်သမ များထက်ပင် အချိုးအဆစ်သွယ်လျသော မိန်းမပျိုက ဇာတ်ရုံအတွင်း ၀င်လာလေ၏။ ခေါင်းဆောင်မင်းသားက အလွန်တရာမှ ချိုသာစွာပြုံးရယ်လျက် ကြိုဆိုသည်။

"‌မောင်မျိုးရေ သူကြီးတူမ ကောက်ညှင်းပေါင်းတွေ လာပို့တယ်ဟေ့...လှယ်ယူထားဦး...လာ မခင်နှောင်း ဒီမှာ ခနထိုင်စောင့်နော်"

"ဟုတ်ကဲ့..."

‌မိန်းမပျိုက သူမနောက်ပါးသို့ အခေါ်ပြုသည်။

"မိကျေးဥ...လာလေ..."

ညိုညက်သော အရောင်ဆင်းရှိပြီး မပြုံးမရယ် အနည်းငယ်တင်းသည့် မျက်နှာကျဖြင့် အမျိုးသမီးငယ်တစ်ဦး ထပ်၍၀င်လောက်လာသည်။ ခင်နှောင်းဘေးမှာ ထိုင်သည့်သူမဟာ မျက်လွှာမချ၊ ပကတိတောက်ပသော မျက်လုံးများက အန္တရာယ်ကို ကာကွယ်လိုသော ကျားသစ်မလေးနှယ် စူးရဲပေသည်။

ဇာတ်မင်းသားကမူ ခင်နှောင်းထံသာ အကြည့်ရောက်နေသဖြင့် သတိထားမိဟန်မတူ။

"မခင်နှောင်း မနက်လင်းအထိ ပွဲမီလိုက်သလား..."

"မကြည့်ဘူးရှင့် အရီးနဲ့အတူ ကောက်ညှင်းပေါင်းဖို့ ကူနေတာ..."

"နောက်ဆုံးညမှာ ပွဲရှေ့ဆုံးက မခင်နှောင်းကို မမြင်တော့ စိတ်မပျော်ဖြစ်နေတာ...မပြန်ခင် ခုလိုတွေ့ခွင့်ရလို့ တော်ပါသေးရဲ့ဗျာ...မခင်နှောင်း ပေါင်းတဲ့ကောက်ညှင်းကို စားပြီးပြန်ရမှာဆိုတော့ မြို့ရောက်ရင် ကျုပ်ဖြင့် ဒီလက်ရာလေး လွမ်းနေရတော့မှာ..."

"မင်းသား စကားက တစ်မျိုးပဲ...ဘာပြောချင်တာပါလိမ့်..."

နှုတ်ဖြင့်ချိုသော်ငြား မကြိုက်လေဟန် ဘွင်းဘွင်းမြင်နေရသဖြင့် မင်းသားခဗျာ အန်းတန်းတန်းဖြစ်သွားရသည်။ 'တောသူများ ရိုးအ,ရှက်ကြောက်တတ်' ဟူသည် အမြဲတော့ မဟုတ်တန်ရာ။ ရှက်ကန်းကန်းနှင့် မျက်လုံးတို့က တောင်တောင်အီအီ အကြည့်ရွေ့ခိုက် စူးရဲလေသော မျက်ဆံတို့နှင့် ရင်ဆိုင်လိုက်ရသည်။ သာမန်ကျေးတောသူမ၏ အကြည့်များ ဖြစ်ပါမူ ထိုအကြည့်ထဲတွင် ရွံ့ထိတ်ဖွယ်သော အငွေ့အသက်တို့ကို ခံစားရမိ၏။ အနေခက်သွားမှုကို ချေဖျက်ရန် ရယ်သွမ်းလိုက်ရသည်။

ဇာတ်ဆရာအလိုကျWhere stories live. Discover now