မာလကာပင်ထက်တွင် လူငယ်တစ်ယောက်၊ အပင်အောက်တွင်တစ်ယောက်။ အပေါ်မှလူက ရစ်သိုင်းနေသော နွယ်တို့ကို ဖြတ်ချလျက်ရှိပြီး အောက်မှလူက ထိုနွယ်များကို ဆွဲငင် ရစ်သိမ်းနေ၏။ အပင်ပေါ်မှလူသည် ရှင်းစရာ ပြီးသည့်အခါ အောက်ပြန်မဆင်းဘဲ အောက်မှလူကို တစ်ခုခု ပြောနေခဲ့သည်။ ငယ်ရွယ်သော မျက်နှာများထက်တွင် ဖျတ်လတ်သော အပြုံးတို့ဖြင့် စနောက်ကျီစယ်လိုဟန်တွေလည်း ယှက်သန်းနေပေ၏။
အပေါ်ကလူဟာ အောက်ကလူကို လက်ဟန်ခြေဟန်များဖြင့် တစ်စုံတစ်ခု ခိုင်းနေခဲ့သည်။ အောက်မှလူက ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို ရှာရန် ထွက်သွားခဲ့ပြီး ခနအကြာတွင် ပုဆိုးပိုင်းတစ်ထည်နှင့်အတူ ပြန်ရောက်လာသည်။ အပင်ပေါ်မှလူသည် အိမ်ရှိရာသို့ မျက်နှာမူလိုက်ပြီး ပြုံးရွှင်နေသော မျက်နှာထားဖြင့် တစ်စုံတစ်ခုအား ရွတ်ဆိုသည်။
မတိုးမကျယ် စကားသံသည် လေထုအထပ်ထပ်ကို ကျော်ဖြတ်လာကာ ငုဝါ၏ နားစည်ကို ရိုက်ခတ်၏။ အသံသည် အဝေးမှ လာပါသလို တနည်းအားဖြင့် အနားနားကပ်ခါ ဆိုနေသည်နှင့်လည်း တူ၏။
"မမြလေး မမြလေး...အိမ်ထဲမှာ ရှိနေလားဗျ...ဒါမှမဟုတ် ခြံ၀န်းထဲ လျှောက်သွားနေတာပဲဖြစ်ဖြစ်...ကျွန်တော်တို့ကို မြင်ရတယ်မဟုတ်လား...ကျွန်တော်တို့က မမြလေးကို အန္တရာယ်မပြုပါဘူး...မမြလေးရဲ့ခြံကို လှပအောင် ရှင်းလင်းပေးနေတဲ့သူတွေမို့ အပြစ်မမြင်ပါနဲ့နော်...ဒီခြံထဲမှာ အခူးဆွတ်မခံရတဲ့ ဒီမာလကာသီးတွေကို ကျွန်တော်တို့ အမောပြေ သုံးဆောင်ချင်ပါတယ်...မမြလေးက ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်နော်...အရမ်းကို ချိုပြီး အရသာရှိမယ့်ပုံ ပေါ်တာမို့ အရင်ဆုံး မမြလေးအတွက် ခူးပေးပါ့မယ်...မမြလေးမြည်းစမ်းပြီးရင်တော့ ကျွန်တော်တို့ကို သုံးဆောင်ခွင့်ပေးပေါ့ဗျာ..."
အနီးဆုံးမှ ပြောင်ပြောင်၀င်း၀င်း အသီးမှည့်အား ဆွတ်ကာ အောက်မှလူထံ ပစ်ချပေးလိုက်သည်။ ထိုသူက အသီးအား ဂရုတစိုက်ဖမ်းယူလိုက်ပြီး ဘေးဘီကို အကဲခတ်လိုက်၏။ မည်သူကမျှ သူတို့အား ကြည့်နေခြင်းမရှိတာ သေချာပါမှ ခိုးကြောင်ခိုးဝှက်ဖြင့် အိမ်ရှိရာသို့ သွားလေသည်။ မျက်နှာစာ ထုတ်ထားပါသည့် ၀ရံတာ လက်တန်းအောက်တွင် ယူလာသည့်အသီးအား ထားကာ တိုးတိုးဆိုပြန်၏။

YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...