နံနက်စောအချိန်အခါ ဖြစ်သည့်အလျောက် နေမင်းသည်ကား နွေးပျပျရောင်ခြည်ကိုသာ လွှတ်လျက် လောကကြီးအား ဖြန့်ကျက်ကြည့်နေပေ၏။ နေရောင်လာရာ အရှေ့အရပ်အား ကျောပေးထားလျက် မတ်တပ်ရပ်နေသည့် အမျိုးသားကြီးတစ်ဦးမှာ အသံဩဩနှင့် သူ၏အရှေ့ရှိ လူအုပ်အား မှာတမ်းခြွေလျက်ရှိသည်။
"နောက်နေ့ကျရင်လည်း ဒီနေရာမှာပဲ လူစုကြမယ် ဟုတ်ပလား...မနက်၇နာရီအတိ ရောက်အောင်လာခဲ့၊ မရောက်တဲ့သူ နေ့စားခကို အလျော့နဲ့ရမယ်မှတ်...ခြံထဲရောက်တာနဲ့ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်လုပ်...ဟိုဟိုဒီဒီ စပ်စုတာတွေ တားမြစ်တယ်...ကိုယ်နဲ့မဆိုင်တာကို မထိမကိုင်နဲ့...စည်းကမ်းမရှိ ပါးစပ်ဆော့တာလည်း မလုပ်လေနဲ့...အရိပ်ရမယ့်အပင် သီးပင်စားပင်တွေ ရှိရင်လည်း မခုတ်လှဲပစ်နဲ့ နွယ်တွေပဲရှင်းခဲ့ပြီး အပင်အတိုင်းကျန်ပါစေ... မနက် ၇နာရီမှာ စမယ်...နေ့လည် ၁၁နာရီမှာ ထမင်းစား နားခွင့်ပေးမယ်...၁၂နာရီကနေ ညနေ၅နာရီ တကြော့ပြန်ဆင်းရမယ်...မခိုမကပ်ကြနဲ့နော် ငါ့အကြောင်းသိတယ်မဟုတ်လား..."
"ဟုတ်ကဲ့..."
တညီတညာတည်းမဟုတ်သော်ငြား နာခံစကားများက ဆူဆူညံညံ ထွက်ပေါ်လာသည့်အတွက် ဦးဖိုးမောင်ကတော့ ကျေနပ်သွားလေ၏။ အပိုစကားအချို့ ချဲ့ထွင်ထည့်ကာ ခြိမ်းခြိမ်းခြောက်ခြောက် ပြုလိုက်ရသည်ကိုက အရသာရှိလှသည်။ လူကြီးများ အသက်ကြီးလာလျှင် လူငယ်တွေအပေါ် ဩဇာညောင်းရမှ နေသာထိုင်သာ ရှိကြသည်တမုံ့။
အနှီခြံ၀န်းမှာ ကျယ်၀န်းလှသည်မှန်သော်ငြား ဤမျှ များပြားသော သန့်ရှင်းမည့်သူများ မလိုအပ်ပါချေ။ ဤလူများအားလုံးက ယုံတမ်းပုံပြင်များဖြင့် ပြောစမှတ်တွင်သော အိမ်ကို အမှန်ပင် စပ်စုဖို့ရောက်လာကြသည်သာ။ ထို့ကြောင့် သူသည် အားသန်ဖျတ်လတ်သော လူငယ်လူလတ်အချို့ကိုသာ ရွေးချယ်လိုက်ပြီး စိတ်အားထက်သန်လှသော လူအုပ်ကြီးကို ပြန်လွှတ်လိုက်တော့သည်။
ကံကောင်းထောက်မ,စွာဖြင့် အနေအေးကာ စကားနည်းသော ငုဝါမှာ အရွေးခံရသူထဲပါနေပေသည်။ သူမ၏ လက်အား တင်းတင်းဆုပ်ထားသည့် မမျိုးလည်း ထို့အတူ။

YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...