နွေဦးပေါက်ရုံမက နွေလယ်ပင် ရောက်ပြီမို့ ကြွေလိုက်သည့်သစ်ရွက် ထွက်လိုက်သည့်ရွက်သစ်။ တစ်နေ့တစ်နေ့ လှဲကျင်းလို့မနိုင်သော ရွက်ကြွေတွေကို အမောင် စိတ်ကုန်လေသည်။ ထို့နည်းတူ ရွက်ကြွေများအား တရှဲရှဲမြည်အောင် လှည်းကျင်းနေသည့် လူငယ်ကြောင့် ပိုလို့ပင် စိတ်ညစ်ညူးနေမိသည်။
ပိန်ပါးသည့် ကိုယ်ဟန်နှင့်မလိုက် ကွက်ရိုက်ပုဆိုးကို ခြေသလုံးတစ်၀က်ပေါ်အောင် ၀တ်လို့ထားပြီး ဖြူ၀င်းသော အသားကို နေရောင်ထိုးကျခံကာ ပျော်နေဟန်ပင်ရှိသည်။ တံမြက်စည်းက သိမ်းလို့မနိုင်၊ အမှိုက်သရိုက်တို့ ထိန်ကျန်သည်က အခါခါ။ ရှေ့ကို အားဖြင့်သိမ်းလိုက်တိုင်း နောက်က လေတိုက်ကာ ပြန့်ကျဲကုန်ပြန်သဖြင့် ထိုနေရာမှာပင် အကြိမ်ကြိမ် သံသရာလည်ကာ ရှေ့ကို မရောက်နိုင်တော့။ တွေ့ရမြင်ရတာ စိတ်မရှည်ချင်စရာ ကောင်းလှသည်။ ထို့အပြင် လှုပ်ခတ်လိုက်တိုင်း မြင်တွေ့နေရသည့် ပုဆိုးကန့်လန့်နားအောက်က အမာရွတ်မှာ ချောမွေ့သော အသားရည်နှင့် မလိုက်ဖက်လှချေ။
"အလိုမကျတဲ့ မျက်နှာပေးနဲ့ပါလား အမောင်ရ...ဘာတွေ ဘ၀င်မတွေ့ ဖြစ်နေတာတုန်း..."
အနားကပ်လာသည့် ကပ္ပိယကြီး၏ စကားကြောင့် ထိုလူငယ်ထံမှအကြည့်တို့ကို အမောင် ရုတ်လိုက်ပါ၏။
"အဲ့ဒီသူငယ်ကို အားမရလို့ပါဗျာ...သူ့ပုံစံ သူ့ဟန်နဲ့ ကျုပ်တို့ရွာသားများအကျင့်စရိုက် ကိုက်ညီတာ တစ်ခုတလေတောင် မရှိဘူး...အသားအရည်က နူးနူးညံ့ညံ့နဲ့ ကျောပူနေပူ ခံနိုင်မယ်လည်း မထင်ဘူး...တောက်တိုမယ်ရ အသုံးကျမလားဆိုတော့လည်း အခုပဲကြည့် တံမြက်စည်းလှည်းနေပုံက နေညိုရင်တောင် ပြီးမှာမဟုတ်လောက်ဘူး...ဘယ်လိုများ စားသောက်နေထိုင်မလဲ စိတ်ပူမိပါရဲ့ဗျာ..."
အမောင်ပြောသလို ကိုးရို့ကားယားနိုင်နေသော ကျော်စွာဦးကိုကြည့်ကာ ကပ္ပိယကြီးက တဟက်ဟက်ရယ်လေသည်။
"မြို့နေကျောင်းသားပဲကွာ အသက်ကလေးက နှစ်ဆယ်ဆိုပေမယ့် သူ့ပုံက မြလေးနဲ့မှ မတိမ်းမယိမ်းပဲရှိသေးတာ...နောက်ပြီး မိသားစုက ပေါ့ပေါ့တန်တန်ဟုတ်ပုံမရဘူး...ကြည့်ရုံနဲ့ အထက်တန်းစား သခင်လေးလို့ မသိသာပေဘူးလား..."

YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...