(၅)

37 0 0
                                    

လေပြင်းတစ်ချက် ခတ်လိုက်ချေသည်မို့ သစ်ပင်ကြီးငယ်တို့ ယိမ်းထိုးကာ ကိုင်းခက်အချင်းချင်းပွတ်တိုက်မိသံ တရှဲရှဲမြည်သည်။ ကြွေလုလု သစ်ရွက်တို့က လေနှင့်အတူ ခိုစီးကာ မြေပြင်ထက်သို့ သူ့ထက်ငါအပြိုင် လှဲလျောင်းကြလေ၏။ မြေကြီးမှ လတ်လတ်ဆတ်ဆတ် ဆွဲနှုတ်ခံထားရသည့် မြေပဲပင်များဆီမှ စိမ်းမြသည့်အနံ့သင်းသင်းက နှာခေါင်း၀ဆီ တိုး၀င်လို့လာသည်။

ပဲပင်မရှိတော့သော ‌လယ်ကွက်ထဲတွင် ဝါးသုံးဘက်ထောက်လျက် သက်ငယ်ကျဲများမိုးထားသော တဲငယ်များ ဟိုတစ်စ ဒီတစ်စ ရှိပေသည်။ ထိုတဲများထဲတွင် အသင့်ယူလာသည့် အ၀တ်ဟောင်းစကိုခင်းထိုင်ကာ နှုတ်ထားသည့် မြေပဲပင်ပုံမြင့်မြင့်က တစ်ဖက်၊ ဆွတ်ခြွေပြီးသော အပင်တိုပုံမြင့်မြင့်က တစ်ဖက် ရံလျက် မြေပဲခြွေနေသည့် မိန်းမများကို တွေ့နိုင်လေ၏။

ဘယ်လက်တွင် အပင်ကိုကိုင် ညာလက်ဖြင့် မြေပဲဥများကိုကိုင်ကာ ခပ်ကြမ်းကြမ်းလိမ်ညှစ်လို့ ခြွေချပစ်လိုက်သည်။ ခွဲတောင်းထဲတွင် ခြွေချခံထားကြရသည့် မြေပဲတို့ဖြင့် ပြည့်မောက်နေချေပြီ။ ခွဲတောင်းကို မ,ကာ နောက်နားမှာ ချထားသည့် တင်းတောင်းထဲ လောင်းထည့်လိုက်သည်။ တင်းတောင်းပြည့်ဖို့ရန် တစ်ခွဲသာလိုတော့သည်။ အ၀တ်ကြမ်းစ စည်းနှောင်ထားသော လက်ဖဝါးပြင်မှာ သဲနုန်းတို့ဖြင့် ညစ်နေသော်ငြား လိမ်ညှစ်ရသော လက်ချောင်းတို့မှာ အကာမရှိသဖြင့် နီရဲလို့နေသည်။ မကြာခင် ပွန်းပဲ့တာ စပ်ဖျင်းလို့ လာချေတော့မည်။

နှုတ်ထားသည့် မြေပဲပင်ပုံဆီ နောင်တဖန် လက်လှမ်းခိုက် စူးရှကျယ်လောင်လေသော အသံဝါတစ်စက ကန်သင်းစပ်က တဲဆီမှ ပေါ်ထွက်လို့လာသည်။

"မွန်းတည့်ပြီ တော်တို့ရေ... ထမင်းစားဖို့ ဖြုတ်ချေတော့... "

လယ်ရှင်၏မိန်းမ အော်သံက ပဲဆွတ်နေသည့် အုပ်စုကို ရွှင်ပျသွားစေလေသည်။ ထမင်းထုပ်များအားလုံး လယ်ရှင်၏တဲမှာသာ စုပြုံအပ်ထားတာမို့ ထိုတဲဆီ အလျင်သွားလိုက်ကြသည်။ လယ်ရှင်ယောက်ျားက‌ ဆို၏။

"ကျုပ်မိန်းမက ဒီကနေ့ စိတ်ပျော်နေတယ်ထင်ပါ့...မင်းတို့အားလုံးစားဖို့ ဟောဒီဒန်အိုးနဲ့အပြည့် ဟင်းချက်လာခဲ့သတဲ့ဗျား...ထမင်းထုပ်များဖြည်ပြီးရင် တစ်ယောက်ချင်း ကျုပ်မိန်းမရှေ့ တိုးခဲ့ချေ..."

ဇာတ်ဆရာအလိုကျWhere stories live. Discover now