(၄)

35 0 0
                                    

တပို့တွဲနေရောင်က ကျောင်းပုရ၀ဏ်အတွင်းမှ သစ်ပင်ကြီးငယ်များကြား ထိုးဖောက်ကာ မြေပြင်အပေါ် ဖြန့်ကျက်လို့ ကျနေလေ၏။ နံနက်ခင်းသာ ရှိသေးသော်ငြား နွေအပူဟာ အစွမ်းပြလို့နေချေပြီ။ ရွက်ခြောက်ကြွေများကို အုန်းတံမျက်စည်းဖြင့် အသံမမြည်စေရန် သတိထား လှည်းကျင်း‌နေသည့် ကပ္ပိယကြီး၏ မြင်ကွင်းထဲကို ကျောင်းကုန်းပေါ်သို့ တရွေ့ရွေ့တက်လာနေသည့် သဏ္ဍန်များက နေရာယူလာသည်။ လက်တစ်ဖက်ကို နဖူးထက်မှာတင်၍ နေရောင်ခြည်စူးနေမှုကို ကာကွယ်လိုက်ပြီး မျက်လုံးအစုံကို မှေးကျဉ်းကာ အသေအချာ ကြည့်လိုက်ပါမှ နီးကပ်လာသည့် သဏ္ဍန်တွေဟာ ရုပ်လုံးပေါ်လာခဲ့သည်။ စင်စစ်တော့ လူလေးယောက်ဖြစ်ချေသည်။

ထောင်မောင်းသော ကိုယ်ထည်၊ ကြည်စွာသော အဆင်း၊ ခန့်ညားသည့်ရုပ်သွင်နှင့် တစ်ချက်မျှကြည့်ရုံဖြင့် ယောက်ျားပီသမှုတွေကို ခြုံငုံမြင်နိုင်လေသည့် အမျိုးသားက ရှေ့မှ ဦးဆောင်လာတာဖြစ်၏။ သူ၏နောက်တွင် အသက်အရွယ်ကြီးရင့်လေသော အမျိုးသားတစ်ယောက်၊အမျိုးသမီးတစ်ယောက်နှင့်အတူ အလှသွေးကြွယ်လှပါသည့် ပျိုမဒီနှစ်ဦးတို့ လိုက်ပါသည်။ ကပ္ပိယကြီးက လှည်းကျင်းနေသည့်အမှုကို ရပ်ကာ ထိုဧည့်သည်များဆီ လျှောက်သွားလိုက်ပြီး မျက်နှာကမူ ပြုံးရွှင်နေလျက်။

"နို့ ကိုရင်.. ဒီတစ်ခေါက် ခရီးသွားတာ မြန်လှချည်လား..."

အမောင့်လက်မောင်းတစ်ဖက်ကိုကိုင်လျက် ၀မ်းသာစွာ နှုတ်ခွန်းဆက်ဟန်မှာ ယခုနက သစ်ရွက်ခြောက်တွေ အသံမြည်မှာစိုးနေသည့် မိမိအဖြစ်ကို ကပ္ပိယကြီး မေ့လျော့သွားဟန်တူသည်။ အမောင်က အသံကျယ်သွားမှုအပေါ် သတိပေးမျက်ရိပ်ပြလိုက်ပြီး ကြည်ရွှင်စွာ စကားပြန်သည်။

"မြန်ဆို တပေါင်းရောက်ဖို့ လိုမှ မလိုတော့ပဲလေ ကပ္ပိယကြီးရဲ့... ကျုပ်အစောပြန်လာမှ စီစဉ်စရာရှိတာ စီစဉ်လို့ရမယ်မဟုတ်လား..."

ကပ္ပိယကြီးက ခေါင်းတဆတ်‌ဆတ်ငြိမ့်‌သည်။

"မှန်ပါ့ဗျား...ဒီရက်တွေမှာ ဆရာတော်လည်း ကိုရင့်အပြန်ကို လည်တဆန့်ဆန့်မျှော်နေပါပေါ့...ကိုင်း ကျောင်းပေါ်တက်နှင့်ချေ...ဆွမ်းချိုင့်တွေ ကျုပ်ပေးခဲ့‌၊ သွားလှယ်ထားနှင့်မယ်..."

ဇာတ်ဆရာအလိုကျWhere stories live. Discover now