လေပြည်က တိုက်ခတ်ကျီစားသည့်အခါ အင်ကြင်းပန်းရနံ့သင်းသင်းက နှာဖျားဆီ တိုးဝှေ့မြှူချော့သည်။ မျက်နှာထက်မှ ဟိုဟိုသည်သည် ရွေ့လျားနေသော နူးညံ့သည့် အထိအတွေ့ကို ခံစားရမိ၏။ ဖွဖွယှက်ထိနေသည်မို့ ယားကျိကျိဖြစ်ရန် တမင်ရည်ရွယ်ပုံပေါ်ပါသည်။ ငှက်မွှေးကဲ့သို့သော ထိုအရာသည် ပါးပြင်တစ်လျှောက်ထိလိုက်ပါမူ သူမနေနိုင်ပါတော့ချေ။ မျက်လုံးအစုံကိုဖွင့်လျက် တရားခံကို ရှာမိလေသည်။
သူ့အား အထူးတဆန်းသဖွယ် စူးစူးစိုက်စိုက်ကြည့်နေသည့် ကလေးတစ်ယောက်ကို တွေ့ရသည်။ အသက်အရွယ်အားဖြင့် ခြောက်နှစ်၊ ခုနှစ်နှစ်ခန့်သာ ရှိနိုင်ပါသည်။ သူနှင့်မျက်လုံးချင်းဆုံမိသည့်အခါ ထိုကလေးက ၀မ်းသာသွားပုံရလေ၏။ ညစ်ထေးထေး မျက်နှာလေးဖြင့် သွားကျဲလေးများပေါ်အောင် ရယ်ပြလေသည်။
"ဧည့်သည်ကြီး နိုးပြီလား..."
ပီဘိကလေးမို့ ရွှင်ပျကြည်လင်သော အသံစူးစူးဟာ တစ်မျိုးတစ်ဖုံ နား၀င်ပီယံရှိပေသည်။ သူ၏လက်တွင်းမှာမူ ခရမ်းဖျော့ရောင် ပန်းတစ်ပွင့်က နေရာယူလျက်။ ပန်းပွင့်ဟု ဆိုသော်ငြား အလုံးပုံသဏ္ဍန်ရှိပြီး သေးငယ်သည့်အမျှင်များစွာ ပြည့်နေသည်သာဖြစ်၏။ အရွယ်အစားမှာ လောက်စာလုံး တစ်လုံးမျှသာရှိပေသည်။ သူ၏မျက်နှာထက် ကလူနေသည့် တရားခံက ဤပန်းငယ် ဖြစ်ပုံရပါ၏။
"ဆရာတော်က နေ့ဆွမ်းဘုဥ်းပေးဖို့ ဆွမ်းစားဆောင်ကို ကြွသွားတယ်...ဒီဧည့်သည်ကြီးကို ကြည့်ထားလို့ ကျုပ်ကို မှာခဲ့တာဗျ...ဪ ရေတိုက်ဖို့ မှာခဲ့သေးတယ်..."
သူလှဲနေသည့် နေရာမှာ ကျွန်းတိုင်လုံးကြီးများ၊ သစ်သားပျဉ်ချပ်များဖြင့် ခန့်ခန့်ထည်ထည် ဆောက်လုပ်ထား၍ ကျယ်ပြောသည့် ကျောင်းဆောင်ဖြစ်သည်။ ရေနံချေးနိုင်နိုင်သုတ်ထားသဖြင့် မည်းနက်သော အဆင်းလည်းရှိပေသည်။ သူလှဲရာနံဘေးတွင် အပေါ်အောက် နှစ်ဆင့်ဖောက်ထားသည့် ပြူတင်းရှိသည်။ အပေါ်ပြူတင်းမှာ ဟင်းလင်းပေါက်ဖြစ်ပြီး အောက်ပြူတင်းမှာမူ လက်တစ်ဆစ်ခန့်ထုရှိသည့် သစ်သားပွတ်လုံးချောင်းများဖြင့် ခပ်စိပ်စိပ် ဖြည့်တင်းထားပါသည်။ ထိုပြူတင်းကိုကျော်လျက် ဟိုတစ်စ ဒီတစ်စ စိုက်ပျိုးထားသော အပင်ကြီးများကို မြင်ရ၏။ သရက်၊ ပိန္နဲ၊ ဥသျှစ်နှင့် အုန်းပင်အပြင် သူမသိသော အခြားအပင်များလည်း ရှိသည်။ အနီးဆုံးအပင်မှာ အင်ကြင်းပင်ဖြစ်ပြီး ထိုမှ အင်ကြင်းနံ့ သင်းပျံ့ပျံ့နံ့ ရလေ၏။
YOU ARE READING
ဇာတ်ဆရာအလိုကျ
Romanceလူ့ဘ၀က ဇာတ်ခုံတစ်ခုနဲ့ ပမာတူသည်ဟူသော အဆိုရှိ၏။ ကံကြမ္မာ စီမံလေသော လူ့ဘ၀နှင့် ဇာတ်ဆရာ စေညွှန်လေသော ကကြိုးတို့ဟာ အသွင်ပမာတူညီ၏။ သောင်းပြောင်းထွေထွေ ပွေလီစုံလင်လှသော ဇာတ်ကို မရိုးအီနိုင်အောင် ကပြရ၏။ အလွမ်း အဆွေး အရယ် အပြုံး ပိုင်နိုင်ကျွမ်းကျင်စွာဖြင...