အပိုင်း ၁၇

711 105 8
                                    


[Unicode]

တံတိုင်တွေခြားထားတဲ့တစ်ဖက်မှာ မိဘနှစ်ပါးက ငြိုးငယ်ဖျော့တော့စွာနဲ့ထိုင်နေခဲ့တယ်။ ဝမ်ရိပေါ်က သူ့ခံစားချက်မှန်သမျှကို လည်ချောင်းကတစ်ဆင့်မျိုချပစ်လိုက်ဖို့ကလွဲလို့ ထုတ်ပြတတ်တဲ့သူမဟုတ်ဘူး။ အမေတစ်ယောက်ရဲ့မျက်ဝန်းထဲက မျက်ရည်ကြည်စတွေကိုသာ မမြင်ရရင် သူဟာ အနည်းငယ်မျက်ရည်စို့မိတာလေးတောင် ဖြစ်မှာမဟုတ်တဲ့သူပေါ့။

အရင်ကသူ့အဖေဟာ ဝဝဖိုင့်ဖိုင့်ခန့်ညားတဲ့သူဌေးကြီးတစ်ယောက်ပါ။ သူ့အမေဆိုလဲ သိပ်ကိုကျက်သရေရှိပြီး လှပတဲ့အမျိုးသမီးကြီးတစ်ဦး။ ပေကျင်းရဲ့စီးပွားရေးနယ်ပယ်မှာ အဆင့်တစ်ဆယ်ထဲပါတဲ့ လုပ်ငန်းရှင်တွေဖြစ်ခဲ့ပြီး အဆင့်မြင့်အိမ်ယာခြံဝင်းနဲ့ နောက်ဆုံးပေါ်ဇိမ်ခံပစ္စည်းတွေကိုသာ ထည်လဲသုံးနေခဲ့ကြတဲ့ လူကုန်ထံအသိုင်းဝိုင်းကသူတွေဖြစ်တယ်။

ဒါပေမဲ့ နေ့ချင်းညချင်း အခုလိုသံတိုင်တွေနောက် ရောက်သွားရရင်း ဝမ်ရိပေါ်ရဲ့အဖေဟာဂျုံးဂျုံးကျကာ နာတာရှည်လူကြီးရောဂါဖြစ်နေပြီ။ သူ့အမေကလည်း စိတ်ပင်ပန်းလူပင်ပန်းနဲ့ အရင်ကကျက်သရေရှိတဲ့အလှအပတွေ ပျောက်ကွယ်သွားရင်း ဖြူဖတ်ဖတ်နှုတ်ခမ်းတွေနဲ့ သိပ်ကိုကြည့်ရဆိုးသွားခဲ့တယ်။ စိန်တွေသိပ်ကြိုက်တဲ့ သူ့အမေရဲ့နားက အခုတော့ နားပေါက်တန်းလန်းနဲ့။ ဒေါ်လာထောင်ကျော်ပေးရတဲ့ ဝတ်စုံတွေမှဝတ်တတ်တဲ့အဖေရဲ့ကိုယ်မှာလည်း ဖျော့တော့တော့ထောင်ဝတ်စုံနဲ့။

မိသားစုသုံးယောက်က မျက်နှာချင်းဆိုင်ထိုင်လို့သာ ငြိမ်သက်နေခဲ့ကြတယ်။ ပြောစရာစကားတွေဟာ ပြည့်ပြည့်နင့်နင့်နဲ့ ရင်ထဲမှာသာဆို့နင့်နေရင်း စကားလုံးတွေအဖြစ်ပြောင်းလဲလာမှုမရှိဘူး။ ဝမ်ရိပေါ်က တံတွေးတချက်မျိုလို့ သူ့ခေါင်းကိုငုံ့လိုက်မိတယ်။ ရှေ့မှာမြင်နေရတဲ့ မိဘနှစ်ပါးက ဘယ်တုန်းကမှမျှော်လင့်မထားတဲ့ပုံစံမျိုးနဲ့ သူ့အတွက်လုံးဝကျင့်သားမရဘူး။ ထပ်ပြီးမကြည့်ချင်တော့လောက်အောင် အကျည်းတန်တယ်။ ဆင်းရဲတယ်။

အမေ့မျက်ဝန်းက မျက်ရည်စတွေနဲ့ အဖေ့ရဲ့မျှော်လင့်ချက်မဲ့မှုတွေဆိုတာ သူ့ဘဝတစ်ခုလုံး ရိုက်ချိုးခံလိုက်ရသလိုပဲ။ တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲရတယ်။ ဒါပေမဲ့ ဒီဒုက္ခတွေဟာ အခုပဲပျောက်ကွယ်တော့မှာပါ။ နှစ်ပိုင်းလောက် ထောင်ထဲနေလိုက်ရတဲ့အချိန်နဲ့ ရက်ပိုင်းအတွင်း ရွှေဘုံပေါ်ခြေပြန်ချခွင့်ရမဲ့အခွင့်ရေးက သူတို့မိသားစုဆီ လက်မခံချင်စရာကောင်းအောင် ရောက်ချလာတယ်။ လက်မခံချင်လဲ အတင်းအကြပ်လက်ခံမိအောင် ကံကြမ္မာကဖန်တီးပေးပြီးတော့ပေါ့။

𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)Where stories live. Discover now