[Unicode]
တီဗွီလိုင်းတစ်ခုကနေ အစီစဥ်တစ်ခုလာနေတယ်။ ဂျပန်လိုင်းမို့ ဘာတွေလဲဆိုတာ ဝမ်ရိပေါ်မသိဘူး။ သူသိတာက ရှောင်းကျန့်ရဲ့ပေါင်ပေါ်မှာခေါင်းအုံးထားပြီး ဒီအတိုင်း ရှောင်းကျန့်နဲ့မျက်လုံးချင်းဆုံနေရတာလေးပဲ။
ရှောင်းကျန့်က ဆိုဖာမှာတင်ပျဥ်ခွေထိုင်ထားပြီး ဝမ်ရိပေါ်ကို သူ့ပေါင်ပေါ်အိပ်ခိုင်းထားတယ်။ နေ့လည်ခင်းမို့ အပြင်မှာအပူရှိန်များနေရင်း နွေရဲ့လေရူးတွေက တချက်တချက်ဝေ့တယ်။
ဝမ်ရိပေါ်ရဲ့ နဖူးပေါ်ကဆံပင်စလေးတွေဟာ ပျော့ပျော့လေးပျံ့ကျဲနေပြီး ရှောင်းကျန့်လက်ဖျားလေးတွေရဲ့ ဆော့ကစားခြင်းကိုခံနေရရှာတယ်။ တီဗွီကလာနေတဲ့အသံက တိုးတိုးလေးနဲ့ သက်သက်မဲ့ ဖွင့်ထားခံရရုံပဲ။ ဘယ်သူမှဂရုမစိုက်သလို ပိတ်ချပစ်ခြင်းလဲမရှိဘူး။
နဖူးပေါ်တရွရွနဲ့ တဖွဖွအထိခံနေရတဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို တမေ့တမျောငေးကြည့်ထားရင်း သူ့လက်တွေကို ရင်ဘတ်မှာပိုက်ထားတယ်။ ဆန့်ထားတဲ့ ခြေထောက်နှစ်ဖက်ကတော့ ဆိုဖာရဲ့တစ်ဖက်စွန်းကိုတောင်ရောက်နေခဲ့ရင်း တလှုပ်လှုပ်နဲ့ဇိမ်ခံနေကြတယ်။
ရှေ့ကနှစ်ပေအမြင့်စားပွဲပေါ်မှာတော့ သောက်လက်စကော်ဖီနှစ်ခွက်က အငွေ့ပြယ်ခါနီးဖြစ်နေပြီ။
တော်တော်ကြာတော့ ရှောင်းကျန့်က တပြုံးပြုံးဖြစ်နေရာက ရယ်လာတော့တယ်။ သူ့ပေါင်ပေါ်အိပ်ထားတဲ့ကောင်လေးက မျက်လုံးတွေမှေးစင်းစင်းနဲ့ဖြစ်လာရင်း အိပ်ပျော်တော့မယ်။
"ရထားပေါ်ကကောင်လေးက ကြောင်လေးလား။ အရမ်းဇိမ်ခံချင်နေတာပဲ။ "
နဖူးပေါ်လက်ညိုးလေးနဲ့ထောက်ရင်း မေးလိုက်တော့ ဝမ်ရိပေါ်က အဲ့ဒီလက်ညိုးကိုဖမ်းဆွဲရင်း သူ့နှုတ်ခမ်းမှာ နှစ်မြှုပ်သွားအောင် ဖိကပ်တယ်။ အသံမြည်စေတဲ့အနမ်းလေးပေးပြီးတော့ ပြန်လွှတ်တယ်။
ရှောင်းကျန့်က အောက်နှုတ်ခမ်းကိုသာဖိကိုက်လို့ ဝမ်ရိပေါ်ရဲ့အပြုမူကို ငုံ့ကြည့်ထားတယ်။ ခပ်ကြီးကြီးရှေ့သွားနှစ်ချောင်းနဲ့ ဖိကိုက်ထားတာမို့ ဘယ်ဘက်နှုတ်ခမ်းထောင့်စွန်းက မှဲ့ကလေးက အထင်အရှား။
YOU ARE READING
𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)
Fanfiction"ဝမ်ရိပေါ်ပါ။ ရထားပေါ်ကကောင်လေးမဟုတ်ဘူး။ " ပထမဆုံးတွေ့ဆုံတဲ့ အဲ့ဒီနေသာတဲ့နေ့က အရာအားလုံးပြောစရာမရှိအောင် လှပနေခဲ့တယ်။