အပိုင်း ၂၇

928 117 36
                                    


[Unicode]

မင်္ဂလာအချိန်အတွက် ညနေပိုင်းငါးနာရီကို ရွေးထားပြီး တစ်ခါတည်း ညစာစားပွဲနဲ့ဆက်သွားအောင် စီစဥ်ထားကြတယ်။

မနေ့ကတည်းက ပြင်ဆင်ထားခဲ့တဲ့ မင်္ဂလာအခမ်းအနားပြင်ဆင်မှုကတော့ ပြောစရာမရှိအောင် လှလှပပနဲ့သဘာဝဆန်ဆန်ပါပဲ။ မျက်လုံးဝေ့မိသမျှ နေရာတိုင်းမှာ လာဗင်ဒါပန်းတွေနဲ့ ကိုယ့်ကိုယ်ကို ပန်းတွေကြားရောက်နေတဲ့ လိပ်ပြာလေးတစ်ကောင်လို ထင်မှတ်သွားစေလောက်အောင် အမြင်ဆန်းစေတယ်။

အိမ်ရှေ့မြက်ခင်းစိမ်းမှာဆို အဖြူရောင်ပိတ်စလွှမ်းခြုံထားတဲ့ စားပွဲဝိုင်းတွေ၊ခုံတွေနဲ့အတူ စားပွဲတစ်ခုတိုင်းမှာ လာဗင်ဒါပန်းအိုးတစ်အိုးစီတင်ထားပြီး သတို့သမီးလျှောက်လာမဲ့ လမ်းတစ်လျှောက်ကိုတော့ ပွင့်ဖတ်ခြွေထားတဲ့ပန်းတွေအပြည့်ခင်းထားတယ်။

အဖြူရောင်သတို့သမီးဝတ်စုံဟာ ရှောင်းရှီးရင်ရဲ့ကိုယ်ပေါ် မှာ ကျော့ကျော့လေးဆင်မြန်ထားလို့ရှိနေခဲ့ပြီ။

ရင်ဘတ်ကိုများများစားစားမဖော်ထားပေမဲ့ ပခုံးထိကျယ်တဲ့လည်ပင်းပုံစံနဲ့လက်ကောက်ဝတ်နားအထိရှည်တဲ့လက်ရှည်ဖြစ်တယ်။ ​ကြမ်းပြင်အထိဆွဲတဲ့ ကပ်ကပ်ရပ်ရပ်ဂါဝန်ရှည်ပေါ်မှာမှ သူမခေါင်းပေါ်ကနေချိတ်ဆွဲထားတဲ့ ခေါင်းမြီးခြုံပုဝါပါးလေးကလည်း တစ်ထပ်တင်ထားတယ်။

ပေါ်ဟနေတဲ့ သူမရဲ့ လည်ပင်းမှာတော့ ဘာပကာသနမှမချိတ်ဆွဲထားခဲ့ဘူး။ ပါးပြင်ထက် သွေးရောင်သန်းရုံလေး ဆေးဆိုးပန်းရိုက်ပြုလို့ နှုတ်ခမ်းထက် နှင်းဆီအနီရောင်လေးခြယ်တယ်။ သူမရဲ့ဂုတ်ဝဲဆံပင်လေးကို အနောက်မှာမမှီတမှီစုချည်ထားပြီး လာဗင်ဒါပန်းလေးတစ်ပွင့်ထိုးစိုက်လို့ ဒီလိုရိုးရိုးရှင်းရှင်းပုံစံက သူမစိတ်ရင်းနဲ့ တကယ်ကို လိုက်ဖက်စေတယ်။

မိတ်ကပ်ဆရာက သူပြင်ဖူးသမျှ လူကုံထံအသိုင်းဝိုင်းရဲ့မင်္ဂလာပေါင်းများစွာထဲမှာ ယခုပွဲကတော့ အင်မတန်မှ အပေါ့ပါးဆုံးနဲ့ အလုပ်မရှုပ်ဆုံးပဲလို့ တွေးနေမိတယ်။

မထင်ထားလောက်အောင် သူဌေးရှောင်းရဲ့သမီးလေးက သမရိုးကျဆန်လွန်းတာပဲ။ မင်္ဂလာစဖို့အချိန်အများကြီးလိုသေးတာတောင်မှ သူမအတွက် ပြင်ဆင်ပေးစရာဘာမှမရှိတော့ဘူး။ အင်္ကျီသေချာဝတ်ပေးပြီး မိတ်ကပ်လေးအနည်းငယ်ခြယ်သလိုက်တာနဲ့ ပြီးသွားခဲ့ပြီ။

𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)Donde viven las historias. Descúbrelo ahora