အပိုင်း ၁၅

873 115 4
                                    

[Unicode]

ဒီကနေ့နွေရာသီရဲ့ မနက်ငါးနာရီမှာ ရှောင်းကျန့်ရဲ့ခြံတံခါးဝဟာ စောစောစီးစီးဖွင့်ဟခံလိုက်ရတယ်။ လေညင်းတွေမတိုက်သေးပေမဲ့ မနက်ခင်းမို့ အနည်းငယ်တော့ အအေးဓာတ်လေးရှိတယ်။ တဖျတ်ဖျတ်ပျံသွားတဲ့ငှက်တစ်ကောင်က အိမ်တံခါးဝကိုဖြတ်သွားရင်း ရှောင်းကျန့်မျက်စိရှေ့မှာတင် ခဏတွင်းပျောက်သွားတယ်။ အဝေးကြီးအထိ ငေးကြည့်မိတာတောင် သူ့အမြင်အာရုံထဲပြန်ပေါ်မလာခဲ့ဘူး။ အင်းလေ...မနက်ခင်းအစာရှာထွက်သွားပြီးတော့ ညနေရောက်မှပြန်လာမှာပေါ့။ ဘယ်အချိန်အတိအကျပြန်လာမလဲမသိနိုင်သလို အဲ့ဒီငှက်က သူ့အိမ်ရှေ့ကနေရော ဖြတ်သန်းပါ့ဦးမလားမသိဘူး။ ရှောင်းကျန့်လဲ အိပ်တန်းတက်ချိန်တွေအထိ ထိုင်စောင့်ကြည့်နေလို့မဖြစ်သလို သူထိုင်စောင့်နေရင်တောင်မှ အဲ့ဒီငှက်က သူ့အိမ်ရှေ့ကနေ ကံကောင်းထောက်မစွာပျံသန်းသွားဦးမှပေါ့။

သစ်သားခြံတံခါးဟာ ခပ်အဲ့အဲ့အသံမြည်ကာပွင့်သွားပြီးနောက် ရှောင်းကျန့်က အရင်ထွက်လိုက်ပြီး နောက်မှာရပ်ထားတဲ့ ဝမ်ရိပေါ်ကိုပြုံးလျက်ပဲလှည့်ကြည့်တယ်။ ခရီးသွားအိတ်တစ်လုံးနဲ့ ခြံတံခါးဝကနေ ခြေတဖဝါးမှမလှမ်းလာသေးတဲ့ ဝမ်ရိပေါ်က အရမ်းတည်ငြိမ်နေတယ်။ မျက်လုံးအိမ်မှေးမှေးက နဂိုထက်မျက်မှောင်ကျုံ့နေရင်း နွေမနက်ခင်းမှာ အိပ်ရာထဖို့ပျင်းနေတဲ့ ဝက်ဝံလေးလိုမျိုး။ အဲ့ဒီလိုရှောင်းကျန့်က တွေးမိလိုက်တာပဲ။

"ထွက်လာခဲ့လေ။ ခြေလျင်သွားဖို့ဆို ငါတို့အခုထွက်မှဖြစ်မယ်။ "

မနက်ရှစ်နာရီရထားနဲ့ မြို့တော်ကိုရောက်ဖို့ ဝမ်ရိပေါ်က ဒီနေ့လက်မှတ်ဖြတ်ထားတယ်။ ပြီးရင် မြို့တော်ကနေ မွေးရပ်မြေကိုပြန်ရမယ်။ ဟုတ်တယ် တစ်ဆယ့်လေးရက်တာအချိန်တွေဟာ မြန်မြန်ပဲကုန်ဆုံးသွားပြီးပြီလေ။ အရမ်းကိုမြန်တယ်။ တစ်ဆယ့်လေးရက်က တစ်ဆယ့်လေးမိနစ်အချိန်လောက်ပဲထင်မှတ်ရတဲ့အထိပေါ့။

ဘွတ်ဖိနပ်အမဲလေးနဲ့ ဝမ်ရိပေါ်ရဲ့ခြေထောက်တွေဟာ လေးလေးကန်ကန်ပဲ ​ခြံဝင်းထဲကထွက်ချခဲ့တယ်။ ထို့နောက် သူကိုယ်တိုင်ပဲ ရှောင်းကျန့်ရဲ့ခြံတံခါးကို ပိတ်ပေးတယ်။ ခပ်ပေါ့ပေါ့ ရှပ်လက်ရှည်နဲ့ ဂျင်းဘောင်းဘီကိုဝတ်ထားတာတောင်မှ ဝမ်ရိပေါ်ရဲ့တစ်ကိုယ်လုံးက ကျောက်တုံးကျောက်ဆောင်ကြီးကို သယ်ထားရသလိုပဲ။ ခြေတစ်လှမ်းရွေ့ဖို့ကို အတော်လေးအားစိုက်နေခဲ့ရတယ်။ ပျင်းရိလွန်နေတဲ့ အမွေးပွပွဝက်ဝံတစ်ကောင်နဲ့တော့ သိပ်တူနေပါပြီ။ အခြေနေကိုရိပ်မိတဲ့ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့လက်ဆွဲအိတ်ကို ကူသယ်ပေးပြီး လမ်းစလျှောက်တယ်။ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်နဲ့အရမ်းကွဲပြားတဲ့တစ်ခုခုဖြစ်မှာပေါ့။

𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)Donde viven las historias. Descúbrelo ahora