အပိုင်း ၁၆

779 109 7
                                    


[Unicode]

အငှားကားပေါ်ကနေဆင်းကာ ခြံရှေ့ခြေစုံချလိုက်တော့ အလုပ်သမားလေးက အံ့သြတကြီးပုံစံနဲ့ ပြာပြာသလဲဖြစ်သွားရင်း သူ့အတွက်အမြန် တံခါးဖွင့်ပေးလာတယ်။ ပြီးတော့ ဘာအသိမှမပေးဘဲ ရုတ်တရက်ကြီးပြန်လာတာလားလို့ အားတုံ့အားနာစွာဆိုတယ်။ ဝမ်ရိပေါ်က ဘာစကားမှပြန်မပြောခဲ့ဘူး။ သူ့ရဲ့ခရီးဆောင်အိတ်ကိုသာ သူကိုယ်တိုင်သယ်လို့ အထဲဝင်ခဲ့လိုက်တယ်။

အိမ်ထဲဝင်ဝင်ချင်း နေ့လည်ပိုင်းအသီးနှံစားနေကြတဲ့ မိသားစုသုံးယောက်ကို ဧည့်ခန်းထဲတန်းတွေ့ရလို့ တကူးတကလိုက်နှုတ်ဆက်စရာတော့ မလိုတော့ဘူး။ အနားယူတဲ့ရက်မို့ အခုလိုတစ်စုတစ်စည်းထဲ တွေ့ရတာဖြစ်မယ်။

ဒီရက်ပိုင်းအတွင်း ဝမ်ရိပေါ်ကပြန်လာမယ်လို့ကြိုပြောထားခဲ့ပေမဲ့ ရက်အတိအကျတော့မပြောထားလို့ ကောင်မလေးတစ်ယောက်က သိပ်ကိုဝမ်းသာအားရဖြစ်သွားဟန်တွေနဲ့ သူ့ဆီကိုပြေးလာတယ်။ သူမရဲ့ နက်မှောင်မှောင်ဂုတ်ဝဲဆံပင်လေးက ပြေးတဲ့အလျောက် ပခုံးပေါ်ပျံလွှားနေရင်း ချစ်စရာသွားတက်လေးကလည်း အထင်အရှားပေါ်လို့။ ရှေ့တည့်တည့်ရောက်ပြီလားရောက်ပြီဆိုတာနဲ့ ဝမ်ရိပေါ်ရဲ့ ရင်ခွင်ထဲကိုအင့်ခနဲဝင်တိုးရင်း ကလေးတစ်ယောက်လိုခုန်ဆွခုန်ဆွလုပ်တော့တယ်။ ထိုင်နေတဲ့ မိဘနှစ်ပါးကို သူမကနည်းနည်းလေးတောင်ဂရုစိုက်ဟန် အားနာဟန်မရှိဘူး။ မတွေ့ရတဲ့ရက်အပိုင်းအခြားလေးမှာ ဝမ်ရိပေါ်ကို သိပ်လွမ်းနေကြောင်း တိုးတိုးလေးပြောတယ်။ ဝမ်ရိပေါ်ကတော့ ခရီးဆောင်အိတ်ကိုချလို့ သူမရဲ့ကျောပြင်ငယ်ငယ်ထက် သုံးလေးချက်လောက်ပုတ်ပေးပြီး မိဘတွေရှေ့ပြန်ခေါ်လာလိုက်တယ်။

"ကျွန်တော်ပြန်ရောက်ပါပြီ။ "

"ကိုကိုက ဒီနေ့ရောက်မယ်လို့ဘာလို့ကြိုမပြောတာလဲ။ ရှီးရင်က ကိုကို့ကို လေဆိပ်မှာလာကြိုချင်သေးတာကို "

နှုတ်ခမ်းလေးထော်တက်ရင်း ရှောင်းရှီးရင်ဆိုတဲ့ သူ့ထက်တစ်နှစ်ငယ်တဲ့ကောင်မလေးက ချွဲ့နွဲ့သလိုဆိုတယ်။ ဝမ်ရိပေါ်ဟာ သူမရဲ့ကလေးဆန်မှုကို တာဝန်ကျေပြုံးပြတာလောက်နဲ့ပြီးရင်း မိဘတွေကိုတော့ခေါင်းငုံ့အရိုအသေပေးတယ်။

𝐓𝐡𝐞 𝐁𝐨𝐲 𝐎𝐧 𝐓𝐡𝐞 𝐓𝐫𝐚𝐢𝐧(Completed)Hikayelerin yaşadığı yer. Şimdi keşfedin