"အိမ်ထဲဝင်ဦးမလား"
အမှန်တကယ်တော့ ကိုယ်ပိုင်သည့်အရာမဟုတ်ပေမဲ့ လောကွတ်ချော်မိသောစကားကထွက်သွားသည်။ တကယ်က ပြောစကားမရှိလို့ ပြောထွက်သွားသောစကားဆိုလျှင်လည်းမှန်လိမ့်မည်။
စျေးကြီးမည်ဟုထင်ရသော ရှပ်လက်ရှည်ကို တံတောင်တစ်ဝက်ထိခေါက်တင်ထားကာ ဆံနွယ်တွေကိုစည်းနှောင်ထားတော့ မျက်နှာအသွင်အပြင်ဟာပိုထင်ရှားလို့နေလေသည်။ ခန္ဓာကိုယ်နှင့်အချိုးညီစွာရှိသော ဂျင်းပန့်ဟာလည်း ခြေထောက်တွင်စီးထားသော sneakers နဲ့ လိုက်ဖက်ညီစွာ။ အရပ်ရှည်ပြီးကျော့ရှင်းနေသော ထိုအမျိုးသမီး၏ ပုံသဏ္ဍန်ဟာ ထင်းလင်းနေသည်။
အခန်းတံခါးကိုဖွင့်လိုက်တော့ ထိုအမျိုးသမီးက သူ့အနောက်ကနေလိုက်ပါလို့လာသည်။
အိမ်ထဲဝင်ဦးမလားဟူသော စကားကတကယ်အတည်ဖြစ်သွားလေသည်။ ခန်းစီးတွေကိုဖွင့်ထားတာမို့ မှန်ပြတင်းတံခါးတွေကနေ တဆင့်နေရောင်ခြည်ကဝင်ရောက်နေသည်။ အဲကွန်းခန်းတွေဖြစ်သော်လည်း အဲကွန်းဖွင့်ပြီး ဇိမ်ခံနေရလောက်အောင် ဘဝကြီးကအဆင်မပြေသလို မီတာခဖိုးလည်း မတတ်နိုင်ပေ။
နေ့စဉ်တစ်နေကုန် ခြေတိုအောင်လျှောက်ပြီးအလုပ်ရှာသော်လည်း အလုပ်ကမရပေ။ သူကပဲကံဆိုးနေသည်လား မပြောတတ်။ ဒါမှမဟုတ် ဖြူဖတ်ဖြူလျော်ဖြစ်နေကာလူမမာပုံစံပေါက်နေ၍အလုပ်မခန့်ချင်ကြတာလား မသဲကွဲပေ။
အနောက်ကနေကပ်ပါလာသောအမျိုးသမီးကို ထိုင်ပါဦးဟုတော့ လောကွတ်မချော်တော့။ အစထဲကဒါကသူ့အပိုင်ပဲလေ သူနေချင်သလိုနေခွင့်ရှိတယ်မဟုတ်ပါလား။ ရေချိုင့်ထဲကရေကိုခပ်လိုက်ကာ ကမ်းပေးလိုက်တော့ သူကယူသောက်သည်။
"နေရတာ အဆင်ပြေရဲ့လား"
ဘယ်လိုမေးခွန်းကြီးလဲဟု ကိုယ့်ဘာသာပြန်တွေးလိုက်ပေမဲ့ ပြောစကားမှမရှိပဲ။ မတွေ့တာတစ်လလောက်နီးပါးကြာနေချိန်အတွင်းမှာကို ထိုမိန်းကလေးဟာ ပိုပြီးပိန်ပါးသွားသလိုပင်။ နှာတံတွေဟာပိုပြီးပေါ်လာသလို မေးရိုးတွေဟာ ထင်ရှားနေသည်။ အနည်းငယ်ညိုနေသောမျက်ကွင်းတွေအရ ညဖက်တွေမှာမအိပ်ဘူးလားဟူသော အတွေးကရိုက်ခတ်လာသည်။
YOU ARE READING
Dandelion
Romance"မင်းရဲ့လက်ထဲက Dandelion လေးတွေကို လေနဲ့မှုတ်လိုက်ပြီးဆုတောင်းရင် ဆုတောင်း ပြည့်တယ်တဲ့" "မဖြစ်နိုင်တဲ့ဆုတောင်းတွေရောလား"