အခန်း (၁၈)

2.5K 203 6
                                    

"မောင် ကျန်းမာရေးဂရုစိုက်နော် အစားလဲပုံမှန်စားနော် မမ မရှိဘူးဆိုပြီး သူငယ်ချင်းတွေနဲ့ပဲလျှောက်လည်မနေနဲ့နော် အလုပ်ပြီးရင်လဲအိမ်တန်းပြန် ကားကိုလဲဂရုစိုက်မောင်း ဖုန်းလဲဆက်ဦး"

မမရဲ့မှာတမ်းတွေကို တသီကြီးနားထောင်ရင်း ဟုတ်ကဲ့လိုက်နေမိရာကနေ မမရဲ့နောက်ဆုံးမှာတမ်းလေးကြောင့် သူပြုံးမိသွားရသည်။ နားအနားလေးတိုးကပ်ကာ

"မမကို လွမ်းဖို့လဲမမေ့နဲ့နော်"

နားရွက်ဖျားကနေ နှုတ်ခမ်းနုနုလေးက ပါးပြင်ပေါ်ကို မသိမသာကျရောက်လာတော့ သူ့အပြုံးဟာပိုပြီးပီပြင်လာလေသည်။
မမရဲ့အဒေါ်ကျန်းမာရေးကိစ္စကြောင့် စင်္ကာပူသွားမည့်ကိစ္စကို မမက ညကမှပြောလာသည်။

စိတ်မကောင်းစရာကိစ္စတွေကြောင့် ချော့မော့သည့်အနေဖြင့်ရော အိပ်ရာထဲကတိုက်ပွဲတွေပြီးမှ ရင်ခွင်ထဲကနေ သူသွားမည့်အကြောင်းကိုပြောတော့ စိတ်ဆိုးမိမလိုဖြစ်ရသေးသည်။

"မောင် မလိုက်လို့ရတာ တကယ်သေချာလား မမ တစ်ယောက်ထဲအဆင်ပြေပါ့မလား"

"မောင်ကလဲ စင်္ကာပူတင်လေးကို မမ မသွားတတ်တဲ့နေရာလဲမဟုတ် ပြီးတော့ အလွန်ဆုံးမှ တစ်ပတ်လောက်ပဲလေကွယ် ဟုတ်ပြီလား"

ချော့မော့ပြောဆိုကာ နှုတ်ဆက်ထွက်သွားတော့ နည်းနည်းတော့ စိတ်လွတ်လပ်သွားသလိုပင်။ ကိုယ့်စိတ်အခြေအနေကို သတိထားမိတော့ စိတ်ပျက်မိသည်။ မမ အနားမှာရှိသည့်အချိန်တော်တော်များများမှာ မလုံမလဲစိတ်ဖြင့် နေနေရတော့ စိတ်ပေါ့ပါးခြင်းမရှိသလို အမြဲတမ်းအပြစ်ရှိသည့်စိတ်က နေရခက်စေသည်။

လေဆိပ်ကနေ လေယာဉ်ထွက်သွားတော့မှ ကားကိုမောင်းထွက်လာခဲ့သည်။ ရုံးကိုသွားကာ အလုပ်တွေကိုလုပ်နေရင်းကနေ ညနေရောက်တော့ ဦးတည်ရာဟာ အိမ်မဟုတ်သော အိမ်လေးဆီကို ဦးတည်သည်။ ကြီးငယ်ကိုလဲ သူမိုးချုပ်မှာမို့ ညစာမချက်ဖို့ စောင့်မနေဖို့ပြောလိုက်သည်။

တံခါးဘဲလ်တီးသံအဆုံး ခဏကြာတော့ တံခါးဝဆီက ရင်းနှီးကျွမ်းဝင်မှုကိုရသည်။ အနည်းငယ်ချွေးစို့နေသော ကပိုကရိုပုံစံလေးဟာ သူ့မျက်လုံးထဲမှာ တစ်မျိုးဆွဲဆောင်မှုရှိလို့နေပြန်သည်။

Dandelion Where stories live. Discover now