အခန်း (၁၆)

2.6K 237 11
                                    

ဆိုဖာရဲ့အစွန်းတစ်ဖက်မှာထိုင်နေသော ထိုအမျိုးသမီး၏အမူအယာ အသွင်အပြင်ဟာ တွေ့နေကြနဲ့မတူဘဲ ထူးခြားလို့နေသည်။ ငြိမ်သက်စွာထိုင်နေသော သူ့ပုံစံက အထီးကျန်ကာ အသွင်အပြင်ဟာလဲ မှုန်မှိုင်းလျက်။

ဒီလိုပုံစံမျိုးကို ရင်းနှီးကျွမ်းဝင်မှုရှိနေသလိုပင် ခံစားရသည်။ အသက်ကိုပြင်းပြင်းရှုလိုက်ကာ ဆိုဖာရဲ့အစွန်းတစ်ဖက်မှာဝင်ထိုင်လိုက်သည်။ စကားလဲမပြောမိတော့ အခန်းထဲကအခြေအနေဟာ တိတ်ဆိတ်လို့နေလွန်းသည်။ အသက်ရှုသံနှစ်ခုက တိုးတိတ်ညင်းသဲ့စွာထွက်ပေါ်နေရုံမှအပ တခြားအသံမရှိပေ။

ယခုလိုအခြေအနေမျိုးဟာ သူ့အတွက်နေသားကျနေကြ အခြေအနေပင်။
အချိန်တွေအတော်ကြာအောင် စကားမပြောပဲထိုင်နေကြပြီးမှ ထိုအမျိုးသမီးထဲမှ စကားသံတိုးတိုးထွက်ပေါ်လာသည်။

"မင်းကို စိတ်အနှောက်အယှက်ဖြစ်စေမိပြီထင်တယ်"

မှုန်မှိုင်းနေသော ဂုဏ်ထည်ဝါမောင်ဆိုသည့် အမျိုးသမီး ဟာ အရင်တုန်းကသူ့ရဲ့ပုံစံနဲ့တောင်ခပ်ဆင်ဆင်။

"ရပါတယ် ကျွန်မအမြဲပြောခဲ့ပြီးသားပဲလေ ကျွန်မက ခေတ္တခိုနားတဲ့သူပါ ရှင်ကမှပိုင်ရှင်အစစ်ပါလို့လေ"

"မင်းမရှိရင် တို့ဒီကိုခြေဦးတောင်လှည့်ဖြစ်မယ်မထင်ဘူး"

ရီဝေဝေမျက်ဝန်းတွေကိုစိုက်ကြည့်မိလိုက်တော့ သူကိုယ်ခန္ဓာလေးတုန်ယင်သွားမိသည်။ နက်ရှိုင်းပြီး တစ်ခုခုပျောက်ဆုံးနေသလို မျက်ဝန်းတွေက သူ့ကိုတကယ်တုန်လှုပ်စေသည်။ နွယ်ဟူသောအမည်ကို ထိုအမျိုးသမီးခေါ်လိုက်သည့် လက်ကိုင်ဖုန်းက အသံကိုနားထဲပြန်ကြားယောင်မိတော့ သူ့လက်တွေကို တင်းကြပ်စွာဆုပ်လိုက်မိသည်။

ဆိုဖာအစွန်းကနေ ထလာတဲ့အမျိုးသမီးဟာ ရုတ်တရတ် သူ့ရဲ့ပေါင်ပေါ်ကိုခေါင်းတင်ကာ လှဲချလိုက်တော့ ဘာလုပ်ရမှန်းမသိအောင်ပြာယာခတ်သွားမိသည်။

"မင်း ညောင်းရင်ပြောနော် ဒီလိုလေးခဏနေချင်လို့"

အိပ်ပျော်နေတာမဟုတ်ပဲ မျက်လုံးတွေကိုမှိတ်ထားသော အမျိုးသမီး၏မျက်နှာအသွင်အပြင်ဟာ အလင်းရောင်အောက်မှာ ထင်းလင်းစွာ။ ခပ်တန်းတန်းမျက်ခုံးတွေကို လက်ညှိုးလေးဖြင့်အသာအယာတို့ထိကြည့်လိုက်ချင်ပေမဲ့လို့ မရဲပေ။ ခပ်တောင့်တောင့်ခန္ဓာကိုယ်အနေအထားဟာ ဒီအခြေအနေကိုအသားမကျသကဲ့သို့။

Dandelion Where stories live. Discover now