အခန်း (၉)

3.3K 304 23
                                    

လေပြေလေးတွေတိုက်ခတ်နေသလို ဆည်းလည်းသံကလည်းတချွင်ချွင်ဖြင့် ဘုရားရိပ်တရားရိပ်ဟာ အေးချမ်းလို့နေလေသည်။ မနက်စောစောကို ဘုရားသွားချင်သည်ဆိုပြီး ဖုန်းဆက်လာသော မမကြောင့် သူအမြန်ပြေးရသည်။

အိပ်ရာပေါ်မှာနှစ်ခြိုက်စွာအိပ်ပျော်နေသော မိန်းကလေးကို မနှိုးရက်တော့ပဲ တိတ်ဆိတ်စွာပင်ထွက်ခွါလာခဲ့သည်။ အိမ်ပြန်ပြီးမြန်မြန်အဝတ်အစားလဲကာ မမဆီကိုအမြန်သွားရသည်။ မနက်စောစောမို့ကားလမ်းတွေရှင်းနေ၍သာတော်တော့သည်။

နေ့နံတွေဘာတွေအစွဲမရှိသော မမက လူနည်းနည်းရှင်းသည့်နေရာမှာ ဘုရားကန်တော့နေလေတော့ ဘုရားကိုပုဆိန်ပေါက်ရှိခိုးကာ အားနေသောသူက မမရဲ့အပြုအမူလေးတွေကိုငေးကြည့်နေမိသည်။

စပြီးချစ်သူဖြစ်တဲ့အချိန်ကစလို့ယနေ့အချိန်ထိ မမဟာအေးချမ်းလွန်းသည်။ နူးညံ့သိမ့်မွေ့ကာ မဟာဆန်ဆန်မျက်နှာလေးက အပြစ်ဆိုဖွယ်မရှိလောက်အောင် လှပပြီး မိန်းမကောင်းဟူသော အင်္ဂါရပ်တွေနဲ့ပြည့်စုံနေလေသည်။

မမကိုရဖို့အတွက် သူဘယ်လောက်ကြိုးစားခဲ့ရပါသလဲ။ ဝိုင်းဝိုင်းလည်နေတဲ့သူတွေကြားထဲကမှ သူ့ကိုရွေးချယ်ခဲ့တာမို့ ချစ်လို့မဝဖြစ်ရသလို ယခုထိလည်းမြတ်နိုးလို့မဝပေ။

သို့သော်လည်း သမုဒယနွယ်ဟူသော မိန်းကလေးအကြောင်းကို ခေါင်းထဲရောက်လာတိုင်း အေးချမ်းနေသည့် ဘုရားရိပ်တောင်မှသူ့ရဲ့အကုသိုလ်တွေကို မဖုံးလွှမ်းနိုင်ဘူးထင်ပါရဲ့။ ငရဲမှာသစ်ငုတ်ဖြစ်ပြီးနေမဲ့အကောင်ဆိုတာ သူလိုလူမျိုးကိုများပြောတာဖြစ်နေလေသလား။

ဘုရားရှိခိုးလို့ပြီးသွားသော မမကသူ့ဖက်ကိုလှည့်ကာ ပြုံးလေတော့ သူအနည်းငယ်တော့ စိတ်အေးချမ်းသွားမိသည်။

"ဘုရားရောရှိခိုးရဲ့လား မောင်ရဲ့"

"ခိုးပါတယ် မမကလည်း"

"ဟုတ်ပါပြီ မောင် မနက်စာဘာစားချင်လဲ အပြင်မှာစားချင်လား ဒါမှမဟုတ်မေမေတို့အိမ်လိုက်ခဲ့မလား အိမ်မှာ ရွှေတောင်ခေါက်ဆွဲချက်ထားတာ မောင်တခြားဟာစားချင်ရင်တော့ မသွားနဲ့စို့လေ"

Dandelion Where stories live. Discover now