ဇာတ်သိမ်းပိုင်း unicode

1.4K 52 10
                                    

ဇာတ်သိမ်းပိုင်း

Unicode

ဟိန်းစစ် ကို ဖြိုးမောင်သင်း လက်ထဲမှ ခိုးလာတော့ ဟိန်းစစ်၏ဆိုင်ကို မပြန်ဖြစ်ပါ။အချိန်ကလည်း မှောင်စပျိုးနေပြီ။ခေါင်ထက် အသစ်ဝယ်ထားသည့် အိမ်ဆီကို ဦးတည်လာခဲ့ပါသည်။ ကားကို အိမ်သွားတဲ့ လမ်းကြောင်းနဲ့ မတူတဲ့နေရာကို မောင်းလာတော့ ဟိန်းစစ် က မေးသည်။

"ကိုကို ဘယ်ကိုမောင်းနေတာလဲ"

"အကိုတို့ နှစ်ယောက်ရဲ့ မေတ္တာစံအိမ်ကိုပေါ့ ညီငယ်။"

ဟိန်းစစ် ဘာမှဆက်မပြောပါ။ခေါင်ထက် ခေါ်ရာနောက်ကို အသာတကြည် လိုက်လာပါသည်။ခြံဝရောက်တော့ ခြံစောင့်ဦးလေးကြီးက တံခါးလာဖွင့်ပေးပါသည်။ခြံတံခါးပိတ်ပြီးသည်နှင့် ကားပါကင် ထိုးရာ ဆင်ဝင်အောက်ကို လိုက်လာ ပါသည်။

ကားပေါ်က ဆင်းလာသည့် ခေါင်ထက် နှင့်အတူ ပါလာသည့် ဟိန်းစစ် ကို  မြင်သည်နှင့်

"ဆရာ ဧည့်သည်ပါတာလား။"

"သူက ဧည့်သည် မဟုတ်ဘူး။ဆရာ့ရဲ့ချစ်သူ။အိမ်ထောင်ဖက်။နာမည်က ကိုစည်သူဟိန်းစစ် လို့ ခေါ်တယ်။ဒီအိမ်ရဲ့ သခင်လေး ပဲ။"

ခေါင်ထက် စကားကြောင့် ဟိန်းစစ် မျက်လုံးပြူးသွားသည်။သူ့ကို အိမ်ထောင်ဖက် အဖြစ် မိတ်ဆက်ပေးနေသည့်အပြင် သခင်လေး ဟုလည်း ပြောသေးသည်။တခါမှ မကြားဖူးသော စကားကြောင့် အံ့ဩစိတ် ဖြစ်သွားတာတော့ အမှန်ပဲ ဖြစ်ပါသည်။

ခြံစောင့်ဦးလေးကြီး ကလည်း ဟိန်းစစ် ကို သေချာငေးမောကြည့်နေသည်။ဟိန်းစစ် လည်း ရှက်နေရာမှ ပြုံးပြလိုက်မိပါသည်။

"ဟုတ်ကဲ့။ဟုတ်ကဲ့။"

"ဆရာတို့နှစ်ယောက် ဒီနေ့ည ဒီအိမ်မှာ  အနားလာယူတာ။အိမ်မကြီး ကို ဘယ်သူမှ လာမနှောင့်ယှက်ဖို့လည်း အိမ်သားတွေကို ပြောထားပါ။"

"ဟုတ်ကဲ့။ဟုတ်ကဲ့။ဆရာတို့အတွက် စားစရာ ဘာများလုပ်ပေးရဦးမလဲခင်ဗျ။"

"မလိုဘူး။မလိုဘူး။လာမနှောင့်ယှက်ရင် ပြီးရော။အိမ်သော့သွားယူလာခဲ့။"

"ဟုတ်ကဲ့။ဟုတ်ကဲ့။"

ခြံစောင့်ဦးလေးကြီး ထွက်သွားပြီး သိပ်မကြာ ပြန်ရောက်လာသည်။အိမ်သော့ ယူပြီးသည်နှင့် ခြံစောင့်ဦးလေးကြီး ကို သွားခိုင်းပြီး ဟိန်းစစ် လက်ကို ဆွဲပြီး အိမ်တံခါးသော့ဖွင့်ပြီး အိမ်ထဲသို့ ခေါ်လာခဲ့သည်။တံခါးမကြီးကို သေချာပိတ်ပါသည်။မီး‌ေတွ အားလုံး ဖွင့်လိုက်ချိန်မှာတော့ အိမ်အတွင်းပိုင်း၏ ခမ်းနားမှုကို မြင်ရသည်။ဟိန်းစစ် ကတော့ အိမ်အတွင်းပိုင်း၏ ကြီးကျယ်ခမ်းနားမှုတွေကို ငေးမော၍ နေပါသည်။အိမ်ကြီး၏ အတွင်းပိုင်း ပြင်ဆင်မှုတွေဟာ video ရိုက်ပြထားတာထက်ကို အပြင်မှာ ပိုပြီး ခမ်းနားလွန်းလှပါသည်။အပြာနုရောင် နံရံသုတ်ဆေး၏ အလင်းရောင်ဟာ မျက်နှာကျက်မှာ လှပစွာ ရှိနေသည့်  မီးဆိုင်းအကြီးကြီးကို ပိုမို တင့်တယ်စေသည်။ကနုတ်ပန်းပုတွေနှင့် မွန်းမံထားသော ကျွန်းထိုင်ခုံတွေက ဧည့်ခန်း၏ အလှတရားကို ထပ်ဆင့်လောင်းပေး လိုက်သလို ဖြစ်နေသည်။ သစ်သားပါကေးတွေကလည်း နင်းရက်စရာမရှိ။ဧည့်ခန်းထဲမှာ အလှဆင်ထားသည့် ကိန္ဒရီ၊ကိန္ဒရာ မောင်နှံ သစ်သားပန်းပုရုပ် ကလည်း တင့်တယ်လှပေသည်။

ညီငယ် (ဒုတိယတွဲ) unicode and zawgyiWhere stories live. Discover now