ဒီအကြောင်းကိုတွေးနေဦးမယ်ဆိုရင် မင်းသေသွားရင်တောင် မျက်လုံးမှိတ်နိုင်မှာမဟုတ်ဘူး
Unicode
ရွှယ်လင်ရောက်လာတဲ့အခါမှာတော့ နောက်ကွယ်ကနေစောင့်ကြည့်နေတဲ့ ဘုရင်ကလည်း သဘာဝကျစွာဘဲ ရောက်ရှိလာသည်။
"အရှင်မင်းကြီး ကြွချီလာပါပြီ.." ဆိုတဲ့ အော်သံကြားလိုက်ရတဲ့အခါ လူတိုင်းကဒူးထောက်ချလိုက်ပြီး အရိုအသေပေးလိုက်ကြ၏။ရွှယ်လင်လည်း သူများတွေလုပ်သလိုဘဲ လိုက်ဒူးထောက်လိုက်သည်။ သူ့မျက်နှာအမူအရာကတော့မပြောင်းလဲဘဲ ယဥ်ကျေးပြီး လေးစားမှုအပြည့်ရှိနေတဲ့ပုံပေါ်နေပေမယ့် စိတ်ထဲမှာတော့ ဘုရင်ကိုသေလောက်အောင်ကို ကျိန်ဆဲနေလေပြီ။
"ထကြပါ အရာရှိတို့.."
ဘုရင်က ကြည်နူးစွာနဲ့ရယ်မောလာသည်။ သူက ခန့်ညားတဲ့သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်သည်။ ဖြတ်သန်းလာရတဲ့နှစ်တွေက မျက်လုံးတွေ မျက်ခုံးတွေမှာ အရေးအကြောင်းတွေချန်ထားခဲ့ပေမယ့် ဒါတွေက တိုင်းပြည်ကိုကိုယ်စားပြုနေတဲ့ လူတစ်ယောက်ရဲ့ ဂုဏ်ကျက်သရေ ကိုတော့ မဖျက်ဆီးနိုင်ပေ။ရွှယ်လင် သူ့နောက်မှာရစ်ခွေနေတဲ့ ရွှေရောင်နဂါးကြီးတစ်ကောင်ပုံကိုတွေ့လိုက်သည်။ ဘုရင့်ရဲ့ကံက ကံကြမ္မာရဲ့သားတော် ဇာတ်လိုက် shou ထက် နိမ့်ကျခြင်းမရှိပေ။
ဒါပေမဲ့ ဒါကရွှယ်လင်ရဲ့တာဝန်နဲ့ ဘာမှမသက်ဆိုင်ပေ။ ရွှယ်လင်ကတော့ တစ်ခြားသူရဲ့ကံကြမ္မာကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ချေ။
နတ်ဆိုးတွေမှာလည်း သူတို့ကိုယ်ပိုင် ဂုဏ်ကျက်သရေနဲ့ ကြီးမြတ်မှုရှိသည်။ ဒါက ရွှယ်လင် ခိုင်ခိုင်မာမာဆုပ်ကိုင်ထားတဲ့ အချက်တစ်ချက်ဖြစ်သည်။
"ဒီနေ့ နန်းတွင်းစာမေးပွဲမှာ ကိုယ်တော်က မင်းတို့အရာရှိတွေ နန်းတော်ကိုဝင်ပြီး ဘာလို့တာဝန်ထမ်းဆောင်ချင်တာလဲဆိုတာ သိလိုတာကြောင့် နည်းနည်းလေး လှည့်စားထားခဲ့တယ်..ပြီးတော့ ဒီလိုဆောင်းပါးမျိုးတွေရေးနိုင်တဲ့ လူငယ်တွေကိုလည်း ကိုယ်တော် တစ်ကယ့်ကိုလေးစားမိတယ်.."
ဘုရင့်ရဲ့မျက်နှာမှာ အပြုံးတွေပြည့်နေပြီး သူသာ ဒီကိစ္စရဲ့နောက်ကွယ်ကသူက သူမှန်းမသိခဲ့ရင် ရွှယ်လင်တော့ ဘုရင့်ရဲ့မျက်နှာဖုံးနောက်က မျက်နှာအစစ်အမှန်ကို ထိုးဖောက်မြင်နိုင်မှာမဟုတ်ခဲ့ပေ။