Part 8

951 55 4
                                    

၂၀၀၇ခုနှစ်/ဒီဇင်ဘာလ

ဒီဇင်ဘာကျောင်းပိတ်ရက် မတိုင်မီ ကျွန်တော့်အစီအစဉ်ကို အစပြုဖို့ ကြံရွယ်ခဲ့သည် ။ ကျွန်တော်တို့ နဝမတန်း (အေ) အခန်းထဲတွင် ကျွန်တော့်ကို မြင်တိုင်းပြုံးပြတတ်တဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော် သတိထားမိတာ အတော်ကြာခဲ့ပြီ ။

သူ့နာမည်က အေးပွင့်လွှာဦးတဲ့ ။ အသားညိုညိုညက်ညက်နဲ့ ပြုံးလိုက်တိုင်းပါးချိုင့်ပါတဲ့ သူက ဆံနွယ်ရှည်တွေကို ဖဲကြိုးစိမ်းလေးနဲ့ အမြဲတမ်းစီးနှောင်ထားတတ်တယ်။ သနပ်ခါး ပါးကွက်ပါးပါးကို အမြဲလိမ်းတဲ့သူက မဟာဆန်ဆန်လှပသူပင်။ အရှက်အကြောက်လည်းကြီးသလို စကားလည်းနည်းတဲ့သူက ကျွန်တော့်ကို ပြုံးပြတိုင်း ကျွန်တော်လည်းပြန်ပြုံးပြမိခဲ့တယ်။

မုန့်စားဆင်းချိန်တွင် ကောင်းက ရှယ်လီနဲ့ စကားပြောနေတုန်း ကျွန်တော်တစ်ယောက်တည်း မုန့်ဆိုင်ဘက်ထွက်ခဲ့လိုက်သည်။ မုန့်တီသုတ်ဆိုင်တွင် လူအများပြည့်နှက်နေပြီး အေးပွင့်ကတော့ လူအချို့ရဲ့အနောက်ဘက်မှာ မုန့်တီဝယ်ဖို့စောင့်နေလေသည်။ သူအဲ့လိုစောင့်နေပုံမျိုးနဲ့ဆိုရင် ဒီတစ်သက်မုန့်တီစားရမှာမဟုတ် ။ ကျွန်တော် သူ့ကိုဝယ်ပေးဖို့ဆုံးဖြတ်လိုက်မိသည်။

"အေးပွင့် မုန့်တီဝယ်ဖို့စောင့်နေတာလား "

"ဟင် ....အင်း...ဟုတ်တယ် "

ကျွန်တော်သူ့ကို မေးလိုက်တော့ အံ့ဩသွားပြီး နားရွက်လေးတွေ ရဲသွားတာကို ကျွန်တော်မြင်လိုက်ရသည်။

"ကျွန်တော်သွားဝယ်ပေးမယ်လေ ။ အေးပွင့်ဘယ်လောက်ဖိုးဝယ်မှာလည်း "

"ဟို...အားနာစရာကြီး။ စောင့်နေလိုက်ပါ့မယ်"

"အယ် စောင့်နေရင်တော့ ကုန်သွားလိမ့်မယ် အစ်မတော်ရဲ့ "

"အဲ့ဒါဆိုရင် နှစ်ရာဖိုးဝယ်ပေးပါနော်"

"ဟုတ်ပြီ ခဏစောင့်"

ကျွန်တော်လည်း လူအုပ်ကြီးကိုရှောင်ကွင်းပြီး ဆိုင်ရဲ့အနောက်ဘက်ကိုသွားကာ အသုတ်သည်ကြီးကြီးရဲ့ အနောက်ဘက်ကနေ ကြွတ်ကြွတ်အိတ်ကိုကိုင်ပြီး ထည့်ပေးဖို့ အသင့်စောင့်နေလိုက်သည်။  မကြာခင်မှာပဲ ကျွန်တော့်ရဲ့ အသုတ်ဝယ်ယူခြင်း လုပ်ငန်းပြီးဆုံးသွားလေသည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now