Part 16

812 48 0
                                    

သရဖီပန်းများ၏ မွှေးရနံ့ကြောင့် ပျားပိတုန်းတို့သည် ကောင်းကင်ယံတွင် ပျံဝဲ‌လျက်ရှိလေသည်။ နွေရောက်သည်နှင့် တပြိုင်နက် အပူရှိန်သည် သိသိသာသာပင် တိုးလာသောကြောင့် ကလေးများသည်ပင် သစ်ပင်ရိပ်များတွင်သာ ထိုင်ကစားကြတော့သည်။

ယနေ့သည် ကောင်း၏ သမီးလေး ပေါင်းပေါင်း ကျွန်တော့်ထံတွင် စာလာသင်သည့် ပထမဆုံးရက်ဖြစ်သည်။ သမီးဖြစ်သူကို လာပို့သောကောင်းသည် အလုပ်ကိစ္စကြောင့်ပင် ချက်ခြင်းပြန်သွားလေသည်။ ကျွန်တော်လည်း ပေါင်းပေါင်းကို အခြားသော ကလေးများ စာသင်‌ရာ အခန်းဆီခေါ်သွားလိုက်ပြီး စာသင်ဖော်ကလေးငယ်များနှင့် ပေါင်းပေါင်းကို မိတ်ဆက်ပေးလိုက်လေသည်။

"ကလေးတို့...ဒါက ဒီနေ့မှစတက်မယ့် ကျောင်းသူ‌သစ်...သူ့နာမည်က နန်းဝေလင်းနွဲ့တဲ့...ပေါင်းပေါင်းလို့ အလွယ်ပဲ ခေါ်ကြပေါ့ မှတ်ထားကြနော်...ကလေးတို့"

"ဟုတ်ကဲ့ပါ ဆရာ"

"ပေါင်းပေါင်း...သမီး ဟိုနားမှာ သွားထိုင်လိုက်နော်"

"ဟုတ်ကဲ့ရှင့်"

ပေါင်းပေါင်း ထိုင်ရမည့် ထိုင်ခုံဆီသွားပြီး ဝင်ထိုင်လိုက်ပြီးသည်နှင့် ကျွန်တော် စာသင်ခြင်းကို အစပြုလိုက်လေသည်။ ကျောင်းမတက်ရသေးသည် အရွယ်လေးများသာ ဖြစ်သောကြောင့် အင်္ဂလိပ် အက္ခရာ အေ၊ဘီ၊စီ ကို သင်ပုန်းပေါ် အရင်ရေးပြ၊ဖတ်ပြ လုပ်ပြီး တစ်ယောက်ချင်းဆီ ရေးထားတာတွေကို လိုက်စစ်ပေး‌ကာ တစ်ယောက်ချင်းဆီကိုလည်း အသံထွက်ဖတ်ပြခိုင်းရသေးသည်။

ကလေးများသည် တက်ကြွသော အသွင်တို့ဖြင့် စာကို စိတ်ပါဝင်စားစွာ မှတ်သားကြသည်ကို မြင်ရသဖြင့် ကျွန်တော်သည်လည်း ပီတိဖြာရလေသည်။ ပေါင်းပေါင်း၏ စာကိုစိတ်ဝင်တစား ကြည့်နေသော မျက်ဝန်းစူးရှရှတို့သည် သူ့ဖခင် ငယ်စဉ်အရွယ်ကပုံနှင့် တပုံစံတည်းပင် တူနေလေသည်။

ကလေးများကို စာသင်ပြီး၍ ကိုယ်စီအိမ်ပြန်ကြချိန်တွင် ပေါင်းပေါင်းကတော့ အိမ်ကလာမကြိုသေး၍ မေမေနှင့်စကားပြောနေလေသည်။တစ်ခါတလေ ကျွန်တော်ပါ စကားဝိုင်းထဲ ဝင်ပါရသေးသည်။ ပေါင်းပေါင်းက သေချာကြည့်တော့ ချစ်စရာကောင်းသော ကလေးတစ်ယောက်ပင် ဖြစ်သည်။ပေါင်းပေါင်းကို မြင်လိုက်တိုင်း ထိုသူကိုသာ အတွေးထဲ မြင်ယောင်လာသဖြင့် အတွေးတို့ကို မောင်းထုတ်လိုက်လေသည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now