ဦးငွေစိုး၏ အမျိုးသမီး ဒေါ်ခင်တင့် သည်ကား ဦးငွေစိုးသေဆုံးမှု အတွက် ညီမလေးကို တရားစွဲလေ၏။ ပါးလည်း အရှက်မရှိစွာ မျက်နှာပြောင်တိုက်သော ဒေါ်ခင်တင့်ကို စိတ်တိုနေလေသည်။ ညီမလေး သည်လည်း ဆေးရုံမှ မဆင်းရသေး။
မား သည်လည်း ညီမလေး ဘေးနားမှာပင် အမြဲနေပေးနေရလေသည်။ ကျွန်တော်သည်လည်း ညီမလေးဆီလာလိုက် ကုမ္ပဏီ ဆီသွားလိုက်ဖြင့် မအားမလပ်ဖြစ်နေရသည်။ရက်သတ္တပတ် တစ်ပတ် အကြာ ကျွန်တော့်တိုက်ခန်းဆီ ပြန်သွားသောနေ့တွင် လင်းကို မတွေ့ရတော့။ ကြားထဲတွင်လည်း မိသားစုအရေးကြောင့် လင်းကို ဆက်သွယ်ဖို့ပင် မေ့နေခဲ့ရတော့သည်။ လင်း ဆီ ဖုန်းဆက်သွယ်ကြည့်တော့ ဖုန်းနံပါတ်သည် တပ်ဆင်ထားခြင်းမရှိ။
အရင်ကလို လင်း ဆီချက်ခြင်း လိုက်သွားလို့လည်းမရ။ ပါးသည်လည်း ရက်ပိုင်းအတွင်းပင် ကျန်းမာရေး သိသိသာသာ ယိုယွင်းလာလေသည်။ ကုမ္ပဏီ ကိစ္စအဝဝ သည်လည်း ကျွန်တော့်ခေါင်းပေါ်သို့သာ ရောက်လာတော့သည်။ သော်က သည်လည်း သူ့မိခင်ရှိရာ ပါရီ ကို ရောက်နေသဖြင့် လုပ်ငန်းတွေကို လွဲထားလို့မရ။ ညီမလေး ကိစ္စနှင့် ပတ်သက်ပြီး ရှေ့နေကြီးနှင့်လည်း ဆွေးနွေးမှုများ အမြဲလုပ်နေရ၏။
"တရားခွင်က နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့လား ရှေ့နေကြီး..."
"ဟုတ်တယ် မောင်မင်းဝေ...သမီးနန်း ကော အဆင်ပြေရဲ့လား ..."
"အဆင်ပြေတယ်လို့ပဲ ပြောရမလား...ကျွန်တော်လည်း မသိတော့ဘူး...ညီမလေးက ညဘက်တွေဆို မအိပ်ဘူး...တစ်ခါတစ်ခါ ငိုနေတတ်သေးတယ်..."
"အဆင်ပြေသွားမှာပါကွယ်..."
"သူ့ သူငယ်ချင်းတွေက ညီမလေး ဖုန်းကို ဆက်လာကြတယ်...ကျောင်းပြန်ဖွင့်ပြီဆိုတော့ ကျောင်း ဘယ်နေ့တက်မှာလဲ ဆိုပြီးမေးနေကြတာ...ကျွန်တော်လည်း ညီမလေး နိုင်ငံခြားမှာ ကျောင်းသွားတက်နေပြီလို့ ပြောပြီး ဖုန်းမြန်မြန်ချရတယ်..."
"သူ့ သူငယ်ချင်း မြတ် ဆိုတဲ့ ကလေးမလေးကော အခုဖြစ်နေတာတွေကို သိလား"
"သူ့ကတော့ သိတယ်...သူ့ဆီလာအိပ်လို့ ဖြစ်ရတာဆိုပြီးတော့ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာလေ...တခြားသူတွေကို မပြောဘူးလို့လည်း သူပြောတယ်..."
YOU ARE READING
A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)
Teen Fictionကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိခဲ့တဲ့ပျော်ရွှင်မှုတွေ ၊ နာကျင်စရာအချိန်တွေကို သူတို့ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အကြောင်းလေးပါ ။ Both Zawgyi & Unicode Start Date - 10/12/2021 End Date - 10/2/2022 Cove...