ပုံမှန်အတိုင်း လည်ပတ်နေ့သော နေ့ရက်များသည် ပျင်းရိဖွယ် စိုးစဉ်းမရှိ။ယခုနှစ်တွင်လည်း ပရဟိတကျောင်းဆရာ အဖြစ်သာ ကျွန်တော် ဆက်လက်လုပ်ကိုင်ဖြစ်လေ၏။ နဂိုတည်းက အလုပ်များသူ ကောင်း ကတော့ ဆရာအဖြစ်မှ နှုတ်ထွက်ပြီးနောက် မြို့လေးဆီသို့ မကြာမကြာ လာတတ်သေးသည်။ ကျွန်တော့်အတွက် အလုပ်အသစ် တစ်ခုလည်း ပိုလာသေး၏။ ကောင်း နေခဲ့စဉ်က အိမ်လေးကို တစ်ပတ်တစ်ကြိမ် သွားရောက် စစ်ဆေးပေးရခြင်းပင် ဖြစ်သည်။
လုပ်ဖော်ကိုင်ဖက် ဆရာကြီး၊ဆရာမကြီးတို့၏ ကူညီဖေးမမှုနှင့်အတူ ကျွန်တော်သည်လည်း ဤကျောင်းလေးကို ပို၍ပင် သံယောဇဉ်တွယ်လာလေတော့သည်။ ဖူးဝေ လည်း ကျွန်တော်နှင့်အတူ အလုပ်ဆက်လုပ် နေလေသောကြောင့် လုပ်ငန်းခွင်၏ တချို့သော ပြဿနာများကို သူနှင့်တိုင်ပင်လို့ရနေသေး၏။
ဖူးဝေသည်လည်း ဟိန်းသန့်နှင့် လက်ထပ်ပြီးလျှင် အလုပ်ထွက်မည်ဖြစ်သည်။ သူတို့လည်း နောက်နှစ်အတွင်း လက်ထပ်ဖို့ စီစဉ်ထားကြလေသည်။ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် အိမ်ထောင်ပြုနေကြပြီး ကျွန်တော်၊ကောင်းနှင့် ပြည့်ပြည့် သာ လူလွတ်အဖြစ် ကျန်နေလေ၏။ ရှယ်လီသည်လည်း မကြာမီ အိမ်ထောင်ပြုတော့မည်ဖြစ်သည်။
*******
"လင်း...ဘာလုပ်နေတာလဲ"
"အခန်းသန့်ရှင်းရေး လုပ်နေတာပါ မမ"
ကျွန်တော် အခန်း သန့်ရှင်းရေး လုပ်နေစဉ် မမသည် ကျွန်တော့်အခန်းရှေ့တွင် ရပ်နေပြီး ကျွန်တော့်ကို စကားလာပြောလေ၏။
"အခုတလော မေမေ့ကို ကြည့်ရတာ တစ်မျိုးပဲနော်"
"ဘာလို့လဲဟင် မမ"
"ဪ...တစ်ခါတလေ တစ်ခုခုကို တွေးနေသလိုမျိုးပေါ့...မမတွေ့တာ တစ်ခါနှစ်ခါ မကတော့ဘူး...ဒီနေ့လည်း မမကသာ စကားပြောနေတာ မေမေက မမပြောတာကို မကြားဘူး...မေးတော့လည်း ဘာမှမဟုတ်ပါဘူးလို့ဘဲ ပြောတာ..."
"ဘာမှတော့ မဟုတ်လောက်ပါဘူး မမရယ်...စိတ်မပူပါနဲ့..."
"အင်းပါ...မေမေ့ကို ကောင်း အကြောင်း ဘယ်တော့ပြောမှာလဲ...မင်းတို့အသက်တွေက ငယ်တော့တာ မဟုတ်ဘူးနော်....ကိုယ့်ကိုကိုယ် ဆယ်ကျော်သက်လေးတွေလို့ ထင်မနေနဲ့..."
YOU ARE READING
A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)
Teen Fictionကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိခဲ့တဲ့ပျော်ရွှင်မှုတွေ ၊ နာကျင်စရာအချိန်တွေကို သူတို့ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အကြောင်းလေးပါ ။ Both Zawgyi & Unicode Start Date - 10/12/2021 End Date - 10/2/2022 Cove...