Part 1

15.8K 649 0
                                    

Unicode

အဲ့~အူဝဲ~~~

"မွေးပြီဟေ့မွေးပြီ နေပါအုန်းအသားလေကဖြူဥနေတာပဲ ဘာလေးလဲ...ယောကျာ်းလေးဟေ့ ယောကျာ်းလေး"

မီးဖွားပေးတဲ့ လက်သည်ဒေါ်အေးမိက ကလေးထွက်လာတာနဲ့ အော်ပြောတော့သည်။

"သိန်းဖေရေ ကိုယ်လက်အင်္ဂါလဲစုံတယ် အသားလေးကလဲ ဖြူဥနေတာပဲ ယောကျာ်းလေးလို့မထင်ရက်စရာလေးဟေ့"

သူကြီးဦးသိန်းဖေကတော့ သူ့မိန်းမမီးဖွားနေတဲ့အခန်းရှေ့မှာ တောင်လျှောက်လိုက်မြောက်လျှောက်လိုက်လုပ်ရင်း ယောကျာ်းလေးလဲကြားရော လက်ခမောင်းတွေခက်ကုန်၏။ ဒါက သူတို့ရဲ့မိသားစုဝင်အငယ်ဆုံးသားလေးဖြစ်လာတော့မှာဖြစ်၏။ သမီးကြီး ခင်ဦး မှစလို့ ခင်မွန်၊ ခင်နှောင်း၊ စိုင်းလူ နဲ့အခုလောလောလတ်လတ်မှ ဝင်ရောက်လာတဲ့ အငယ်ဆုံးသားလေး။ သူသားလေးကိုသိပ်မြင်ချင်နေပေမယ့် အထဲကကိစ္စတွေကမပြီးသေးတာကြောင့် ဖင်တကြွကြွဖြစ်နေ၏။ သမီးကြီးကတော့အရွယ်ရောက်အပျိုဖြန်းလေးဖြစ်နေပြီး သားသမီးတွေက နှစ်နှစ်ကြီး နှစ်နှစ်ငယ်တွေပင် သားငယ်လေးမှမထင်မှတ်ပဲ‌နောက်ကျမှဝင်ရောက်လာတာဖြစ်၏။ သားတွေသမီးတွေအားလုံးကိုကျောင်းပညာရေးထား‌ကြပေမယ့်သမီးကြီးဆိုအကြီးဆုံးလဲဖြစ်တာကြောင့် အလယ်တန်းအဆင့်နဲ့ပဲကျောင်းထွက်ကာအိမ်အလုပ်တွေကိုကူလုပ်နေတာဖြစ်၏။ သမီးနှစ်ယောက်နဲ့သားတစ်ယောက်ကတော့ကျောင်းဆက်တက်ဆဲဖြစ်၏။ သမီးကြီး ခင်ဦးဆို အိမ်မှုကိစ္စအချက်အပြုတ်၊ လယ်စိုက်ခင်းအလုပ်သမားကိစ္စတွေမှအဆုံးအားကိုးနေရပြီဖြစ်သည်။ သားသမီးတွေအကုန်လုံးက လိမ္မာရေးခြားရှိလှပြီး မိဘကိုသိတတ်ကြသည်။ သူကြီးဦးသိန်းဖေဆိုတာလဲ ရွာမျက်နှာဖုံးလိုပင် ရွာသူရွာသားတွေ ပိုက်ဆံချေးပြီးကူညီတာမှအစ ရပ်ရေးရွာရေးကျောင်းဆောက် ဘုရားတည်မှအဆုံးပံ့ပိုးပေး၏။ ဒီရွာတစ်ခွင်က လယ်တွေဆိုတာလဲ သူကြီးဦးသိန်းဖေနဲ့သူကြီးမိန်းမဒေါ်ခင်ရွှေတို့လက်ညှိုးထိုးမလွဲပေ။ ဘယ်လောက်ထိချမ်းသာလဲဆိုရင် မိန်းမနဲ့သမီးတွေရဲ့ အင်္ကျီတွေမှာဆို ရွှေကြယ်သီးတပ်ဝတ်သည့်အဆင့်ပင်။ အိမ်တွင်းပစ္စည်းတွေဆို ဒေါင်းဘယက်မှအစ နားကပ်၊ ခြေကျင်းမှအဆုံးအမျိုမျိုးရှိ၏။ သူကြီးကိုဆို မြို့နယ်အရေးပိုင်တွေက နှစ်လုံးပြူးသေနတ်အထိပါပေးကိုင်ထားတာဖြစ်၏။ သူကြီးရဲ့အိမ်ခြံဝန်းကအတော်ကိုကျယ်ပြီး အိမ်ကြီးမှာ နှစ်ထပ်ကျွန်းအိမ်ကြီးဖြစ်ပြီး သမီးကြီးရဲ့လက်စတွေကြောင့် အခင်းပျဉ်တွေက ပြောင်လတ်နေ၏။ ဒါက ညနေတိုင်း သမီးကြီးက အိမ်ကိုရေနံဆီဖြင့်တိုက်တာကြောင့်ဖြစ်သည်။ အိမ်မကြီးနဲ့မီးဖိုချောင်က သပ်သပ်ဆီဖြစ်သည်။ မီးဖိုချောင်အတွက်ကလဲ သီးသန့်အဆောင်တစ်ခုထုတ်ထားပြီး ထင်းမီးကိုအသုံးပြုရ၏။ ထင်းကလဲ အများသူငါတွေလို လိုက်လံဝယ်ယူစရာမလိုတစ်နှစ်တစ်နှစ် ခြံထဲကသစ်ပင်ကြီးတွေရဲ့ အကိုင်းတွေခုတ်ဖြတ်ရှင်းလင်းရုံနဲ့တင်လုံလောက်၏။ နောက်ဖက်မှာ နွားတွေထားဖို့တင်းကုတ်ရှိပြီး တင်းကုတ်ဘေးဘတ်အဖီချကာ ထင်းတွေထား,ထားတာဖြစ်သည်။ လယ်ယာသုံးပစ္စည်း လှည်းတို့ လယ်ထွန်ယက်ရာတွင်သုံးသည့်ပစ္စည်းတွေထားသည့်အဆောင်က သပ်သပ်တစ်ဆောင်ဖြစ်၏။ နွားတွေကိုတော့ ကောက်ရိုး၊ မြက်၊ ပဲမှော်စတာတွေကျွေးတာဖြစ်ပြီး ခြံနောက်ဖက်အစပ်လယ်ယာတွေအစမှာ အပုံလိုက်ရှိ၏။ ဘယ်သူမှလဲ လာမခိုးသလိုပိုင်ရှင်မသိအောင်လဲမယူကြ လိုအပ်ပြီဆိုရင်တော့တောင်းယူကြသည်။

နေဝင်ချိန် (Complete) Rebirth Uni & ZawgyiTahanan ng mga kuwento. Tumuklas ngayon