2017 ဒီဇင်ဘာလ ၂ရက် ည၈နာရီ
"ဘာကိစ္စငါနဲ့ တွေ့ချင်ရတာလဲ"
ဩဇာညောင်းသော အသံနှင့်အတူ မိမိအရှေ့တွင် ဝင်ထိုင်လိုက်သော သူ့ကို Jay မော့ကြည့်လိုက်သည်။
အမြဲတမ်း အမော့ကြည့်ခံလူတန်းစားမို့ သူ့ရဲ့မျက်နှာမှာ ခက်ထန်သော အရှိန်အဝါတစ်ခုက နေရာယူထားသည်။
ကြာကြာမော်မကြည့်နိုင်သည်မှာ ငယ်ငယ်ထဲက အကျင့်တစ်ခုလိုဖြစ်နေသည်မို့ Jay အရှေ့က စားပွဲခုံသို့သာ အကြည့်ပို့လိုက်သည်။
"အပေးအယူလုပ်ကြရအောင်"
"ဘာကို? "
မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ ခြေထောက်တစ်ဖက်ကို တခြားတစ်ဖက်ဆီချိတ်လျက် ပြန်မေးသည်။
"မင်း အဖေအမှု"
အထက်အစီးဆန်ဆန်မျက်လုံးများက စိတ်ရှုပ်သွားသော မျက်ဝန်းများဖြင့် ပြောင်းလဲသွားသည်ကို Jay အရသာခံပြီး ကြည့်နေမိသည်။
သူငယ်ချင်းလို့သာ ပြောတာ အမြဲတမ်းကိုယ်က သူရဲ့အရိပ်လိုနေခဲ့ရသည်။ အမြဲတမ်းသူ့ကိုပဲ ကိုယ်ကခယခဲ့ရသည်။ ကိုယ်ဟာ သူများပါးစပ်ကြားထဲ သူ့ရဲ့ညာလက်ရုံးလိုလို ဘယ်လက်ရုံးလိုလို။ အဖေရော သားရော ဂိုဏ်းရဲ့ အရိပ်တွေပါကွာဆိုတဲ့ စကားတွေနှင့် အမြဲတမ်း အတင်းပြောခံ အလှောင်ခံခဲ့ရသည်။
ငယ်စဉ်တုန်းကတော့ ဘာမှနားမလည်ခဲ့၍ ထိုသူသည် မိမိ၏အချစ်ဆုံးသူငယ်ချင်း။ သူဌေးသားမို့ လိုချင်တာရမှကျေနပ်တတ်တာဖြစ်မှာ ဆိုပြီး အစစအရာရာအလျှော့ပေးခဲ့မိသည်။ နောက်ဆုံးအချစ်ကိုပါ အလျှော့ပေးဖို့ ဖြစ်လာခဲ့သည်မှာတော့ Jayကို အသိတရားဝင်စေခဲ့ပြီ။
"အမှုစစ်ရှင်း အိမ်ကို မင်းအဖေဝင်သွားတဲ့ CCTV မှတ်တမ်းငါ့မှာရှိတယ်"
Jayက USBအတောင့်လေးကို လက်ခလယ်နှင့် လက်ညိုးကြားညှပ်ကာ ထောင်ပြသည်။
"အဲ့တော့?"
အမူအရာတစ်ချက် မပျက်ပြန်မေးလာသူကြောင့် Jay၏ စိတ်ထဲ အနည်းငယ်ကသိကအောက် ဖြစ်သွားသည်။
"အမှုစစ်ရှင်းက ကွင်းဆက်လူသတ်မှုတစ်ခုကို လိုက်နေတယ်။ ပြီးတော့ အဲ့အမှုက ငါတို့ဂိုဏ်းနဲ့ ဆက်စပ်နေတယ်ဆိုပြီး သတင်းထွက်နေတာ မင်းလဲသိမှာပါ။ တရားခံမပေါ်သေးတဲ့အချိန် အမှုစစ်ကအသတ်ခံရတယ်။ ပြီးတော့ သူ့သားကပျောက်နေတယ်။ တကယ်လို့ ဒီ CCTVမှတ်တမ်းသာ ရဲလက်ထဲရောက်သွားခဲ့ရင် မင်းအဖေအမှုက ကွင်းဆက်လူသတ်မှုနဲ့ပါ ညိမှာနော်"