"မနက်ဖြန် စာမေးပွဲရှိတာ ငါခုမှသိတယ် "
Paul ရဲ့ စကားသံတိုးတိုးကိုကြားတော့ Jake ပြုံးကာတုံ့ပြန်လိုက်သည်။ ထို့နောက် လုပ်လက်စအလုပ်ကို အာရုံပြန်စိုက်လိုက်သည်။
"ဟေး ငါ့ကိုအာရုံစိုက်ပါဦး "
Jakeရဲ့ Laptop ကို ခွင့်မရှိပဲ ပိတ်ချလိုက်တဲ့ Paulက တခါတလေ ယဉ်ကျေးမှုမရှိပေ။
"အိုခေ Paul မနက်ဖြန်စာမေးပွဲရှိတာ ခုမင်းသိပြီမလား အဲ့ဒါဆို ငါ့ကိုလာမနှောက်ယှက်နဲ့တော့လေ ငါခုစာလုပ်နေတာ နည်းနည်းပါးပါး respect ရှိပါလား"
" မနက်ဖြန် ငါခေါ်တဲ့နေရာကို မင်းလိုက်ပေးရင် ငါမင်းကို မနှောက်ယှက်တော့ဘူး "
Jake အင်မတန်စိတ်ညစ်သွားသည်။ သူ ဩစီကိုရောက်နေတာ သုံးနှစ်ရှိပြီ။ အစကတော့ စိတ်ပြောင်းသွားမလားဆိုတဲ့ ခံယူချက်နဲ့ ခဏတဖြုတ်နေဖို့ စဉ်းစားပေမယ့် ကျောင်းတက်ဖို့ထိပါ ဖြစ်သွားခဲ့သည်။ ကျောင်းတက်နေရင်းမှ အမြဲတမ်းတစ်ယောက်ထဲနေတတ်တဲ့ Jakeကို Paulက ဘယ်လိုမျက်စိကျသွားလဲမသိ အရင်ချည်းကပ်ခဲ့တာ။
Jakeရဲ့ တားထားတဲ့စည်းတွေကပဲ ခိုင်ခံ့နေလို့ပဲလား Paulကိုယ်တိုင်က Jakeကို အလေးထားလို့ပဲလားတော့မသိ သူငယ်ချင်းအဖြစ် ရင်းနှီးလာတာ သုံးနှစ်နီးပါးရှိပြီ။ Paulက တခါတလေ တအားကလေးဆန်သည်။ လိုချင်တာရအောင်ယူတတ်တာက လွဲရင် Jake အပေါ်အရမ်းကောင်းသည်။ ထို့ကြောင့် Jake လည်းသူ့ကို လက်ခံထားနိုင်ခြင်းဖြစ်မည်။
"ဘယ်ကိုသွားမလို့လဲ ပါတီလား ငါမသွားဘူးနော် မင်းရဲ့အရှုပ်ထုတ်တွေကြား ငါ့ကိုထပ်မခေါ်ပါဘူးလို့ ကတိပေးထားတယ်မလား "
" နိုး မဟုတ်ဘူး ဘေဘီ...အဲ "
Paul ရဲ့ စကားသံလည်းရပ်တန့်သွားသလို laptop ပေါ်ဝယ်ပြေးလွှားနေသော Jakeရဲ့ လက်ချောင်းသွယ်သွယ်လေးများလည်း ရပ်တန့်သွားသည်။
"ဆောရီး ငါမေ့သွားလို့ ဘေဘီလို့နောက်မခေါ်တော့ဘူး "
"လိုရင်းကိုပြော ဘယ်ကိုသွားမှာလဲ "
"ဟိုဟာ Cherry Blossom Festival "
Jake ခဏလောက် မှိုင်မိသွားပြီး အတွေးအာရုံဟာ လွန်ခဲ့တဲ့သုံးနှစ်ဆီပြန်ရောက်သွားသည်။ သူ ချယ်ရီပန်းကြွေတာ မကြည့်ဖြစ်တာ သုံးနှစ်ကြာပြီပဲ။ မကြည့်ဖြစ်တာ မဟုတ်ပဲ တမင်မကြည့်တာလို့ပြောရင် မှန်လိမ့်မည်။