မွေးဖွားခြင်းကို ရွေးချယ်ခွင့်ရခဲ့ရင်
သူဒီမိသားစုကို ရွေးချယ်မိမှာ မဟုတ်ဘူး..။ငွေကြေးချို့တဲ့ ၊ ဆင်းရဲတဲ့ မိသားစုမှာ
မွေးဖွားလာရတာတောင် မလုံလောက်သေးလို့ စိတ်ပိုင်းဆိုင်ရာ ဆင်းရဲမှုတွေကလည်း ငယ်စဉ်ကတည်းက ရိုက်ခတ်နေတော့တာပဲ။အခုလည်း အိမ်ရှေ့တည့်တည့်မှာ အရက်ထိုင်သောက်နေတဲ့ အဖေ့ကို ကြည့်ပြီး စိတ်ပျက်လာတာ...။
မီးဖိုချောင်ထဲမှာ ဘယ်အချိန် ထရိုက်ခံရမလဲဆိုတာကို စောင့်နေရတဲ့ အမေနဲ့ အမကိုကြည့်ပြီး စိတ်ကုန်တယ်....။
ကိုက်ခဲကာ နာကျင်နေတဲ့ ခန္ဓာကိုယ်ပေါ်က
အညိုမဲစွဲနေတဲ့ အရာတွေကိုလည်း သူမမြင်ချင်တော့ဘူး...။နေ့တိုင်း ဆူဆဲရိုက်ခံရမယ့် အတူတူ
သေသွားတာမှကောင်းဦးမယ် တွေးလိုက်တိုင်း ကျန်ခဲ့မည့်အမေနဲ့အမ မျက်နှာကို ပြေးမြင်လာရတာလည်း ဝဋ်ကြွေးတစ်ခုပဲ...။"ခွမ်း !!! "
အတွေးတောင် မဆုံးသေးဘူး။
အဖေသောက်နေကျ အရက်ပုလင်းက
သူ့မျက်နှာဆီကို တည့်တည့် ။ကျင့်သားရနေသည့် ခန္ဓာကိုယ်က ရှောင်လိုက်လို့ပေါ့ ။ မဟုတ်ရင် သူ့မျက်နှာမှာ သွေးချင်းချင်းနီသွားလေမလား...။
ဒီနေ့တော့ သူကံကောင်းတာပဲ။
အဖေ့ရဲ့ ဆူဆဲရိုက်နှက်ခြင်း ဆုလာဘ်ကို
နှစ်ခါတောင်ခံရဦးမယ်။
ခံလိုက်။ လက်ခံလိုက်။
ဒါဟာ မင်းရှင်သန်ရမယ့်ဘဝပဲ။
မင်းက ဒီလိုဘဝမျိုးမှာ ရှင်သန်ဖို့
မွေးဖွားလာတာ...။"ငါ့ကို ဘယ်လိုသောက်လုံးနဲ့ ကြည့်နေတာလဲ မအေ_ိုး "
ဆွဲခံရလွန်းလို့ ဖွာလန်ကြဲနေတဲ့
ဦးခေါင်းက ဆံပင်တွေက ဆောင့်ဆွဲခံလိုက်ရခြင်းနှင့်အတူ သူဟာ အခန်းထဲသို့ တရွတ်တိုက်ပါသွားခဲ့တယ်...။ အမေနဲ့အမကတော့ ဝင်ဆွဲချင်ပေမဲ့ သူတို့ဝင်မဆွဲကြဘူး...။ သူတို့ဝင်ဆွဲရင် သူတို့ပါ အရိုက်ခံရမှာလေ..။သူတို့ ငိုဖို့ပဲတတ်နိုင်ခဲ့တယ်။
အခန်းတံခါးပိတ်သွားခဲ့တယ်။
ငိုယိုနေတဲ့ အမေနဲ့ အမ မျက်နှာ မမြင်ရတော့ဘူး။