အပိုင်း ၂၅

143 12 4
                                    

(Unicode)

'''ချပ်'"

"သား...."

ရုတ်တရက် အခန်းတံခါးဖွင့်သံနှင့်အတူထွက်ပေါ်လာသည့် ခေါ်သံကြောင့် ပြောလက်စစကားတို့ရပ်သွားကြပြီး ခွန်းရောသူပါ လှမ်းကြည့်မိသည်။ ခွန်းက မနက်အစောကြီးကတည်းကပင် မင်းမြတ်မနက်စာအတွက် ကြက်ပေါင်းရည်နဲ့စွပ်ပြုတ်ကို ယူလာပေးရင်း လူနာစောင့်ပေးနေတာဖြစ်သည်။

"မာမီ...ဘယ်ကဘယ်လို.."

မာမီဆိုတဲ့အသံကြောင့် ခွန်းကြောင်တောင်တောင်လေးနှင့် ထိုင်ရာကထရပ်လိုက်မိသည်။ ဒေါ်ဟေမာခင်မှာတော့ ပူပန်လှသောစိတ်တို့ကြောင့် ပတ်ဝန်းကျင်တောင်ဂရုမစိုက်နိုင်။

"ဘယ်လိုဖြစ်တာလဲသာ ပြောပြစမ်းပါသားရယ်၊ အိမ်ရောက်ရောက်ချင်း မာမီ့ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလိုပဲ...မာမီသာမလာရင် သား ခုလိုဖြစ်တာမာမီတို့သိရပါ့မလား..."

"စိတ်ပူစရာမရှိလို့ပါ မာမီရယ်၊ သားလည်းမနက်ဖြန်ဆင်းရပါပြီ...ထိသွားတာလည်း သိပ်အများကြီးမဟုတ်ပါဘူး"

မာမီ့လက်ကို ဆုပ်ကိုင်လိုက်ရင်း မင်းမြတ်နှစ်သိမ့်လိုက်သည်။ အဝေးကြီးကလာခဲ့ရတဲ့ သူ့မိခင်မှာ ခရီးရောက်မဆိုက်အမောဆို့ခဲ့ရသည် မဟုတ်လား။

"အွန်း...ဟုတ်ပါပြီ ဒါနဲ့ သားမနက်စာ စားပြီးပြီလား၊ ခဏနေ ကြီးတုံနဲ့သမီးမိုဝ့်ခမ်းက မနက်စာယူလာလိမ့်မယ်"

ဒေါ်ဟေမာခင့်ထံမှ သမီးမိုဝ့်ခမ်းဆိုသောအသံကြောင့် ခွန်း ခါးလေးမတ်သွားသည်။

"ဘယ်..ဘယ်လိုမာမီ မိုဝ့်ခမ်း ဟုတ်လား"

"အဟင်း...ဟုတ်ပ ဟုတ်ပ၊ သမီးမိုဝ့်ခမ်းလေးလေ သူလည်းမာမီနဲ့ပါလာတယ်၊ သမီးလေးက သားဆီချက်ချင်းလိုက်ကြည့်ချင်ရှာတာ...ခရီးပန်းနေမှာနဲ့မို့ မနက်စာလာပို့ရင်းမှလိုက်လာခဲ့ခိုင်းလိုက်တာ"

"မာမီလည်း ပင်ပန်းတာပဲကို..."

"ခရီးပန်းတာလောက်က သားဇောနဲ့မောရတာလောက်ကိုမမှီပါဘူးသားရယ်..."

အစ်ကိုနဲ့ အစ်ကို့မေမေရဲ့နွေးထွေးမှုကိုကြည့်၍ ခွန်းပါနွေးထွေးသွားသလိုခံစားရသည်။ တစ်ဆက်တည်းမှာ ဆုံးပါးသွားတဲ့မိခင်ကို သတိရမိသည်။ မေမေသည်လည်း ခွန်းတို့ညီအစ်ကိုအပေါ် ဤကဲ့သို့ပင်နွေးထွေးကြင်နာရှာသူပင်။

အသန့်စင်ဆုံး မြတ်နိုးရာ {ongoing}Where stories live. Discover now