"မင်္ဂလာပွဲပျက်သွားပြီကြားတယ် နွယ်"
အိမ်ထဲပင်မဝင်ရသေးသည့်နွယ်သည်ရေချယ့်စကားကြောင့်နေရာမှာပင်ရပ်တန့်ကာ ထိုင်ခုံမှာခြေချိတ်ထိုင်နေတဲ့ရေချယ့်ကိုငေးကြည့်လေသည်။
"ပီယာနိုလေးတီးပြပါလား တို့နားထောင်ချင်လို့ပါ"
ရေချယ်ဟာ သူ့ရောဂါကိုအကြောင်းပြုပြီး အနားကသူတိုင်းကို သိပ်ပြီးအနိုင်ယူတာပဲ။ အခုလည်း ခင်ခင်ပျိုလေးရဲ့အခန်းကလွဲလို့ဘယ်မှမရွှေ့တဲ့နွယ်ကို သူ့အိမ်ရောက်လာအောင်လူလွှတ်ခေါ်ပြီး အနားတောင်မရောက်လာသေးဘူး စန္ဒယားတီးခိုင်းနေပြန်ပြီ။
ရေချယ်ဟာသိပ်ကိုအနိုင်ယူတတ်သည့်အမျိုးသမီးပဲ။
နွယ်ဟာလည်းသိပ်ကိုအလိုလိုက်နိုင်သည့်အမျိုးသမီးဖြစ်မည်။ ရေချယ့်အလိုကျအတိုင်း နွယ်သည်စန္ဒယားကိုတီးသည်။ စိတ်အခြေအနေဘယ်လိုမှမကောင်းတဲ့အချိန်မှာထွက်ကျလာတဲ့သံစဉ်တွေမို့ နွယ့်စန္ဒယားသံကဆွေးမြေ့ဖွယ်အတိ။သံစဉ်ဆုံးသည်နှင့် ရေချယ်သည် တံခါးဝမှာရပ်တန့်နေသည့်သူကိုကြည့်ပြီးပြုံးသည်။ ဘုန်းနေရောင် ဒီနေ့ကရုံးပိတ်ရက်မဟုတ်တာသေချာသည် သို့ပေမယ့် ရေချယ့်ဆီရောက်လာသည့်ဘုန်းနေရောင်သည်အလုပ်မရှိအကိုင်မရှိသည့်သူသဖွယ်ရေချယ့်အနားသာအချိန်ရလျှင်ရသလိုရောက်ရောက်လာတတ်သည်။
ဘုန်းနေရောင်ရောက်လာသည်နှင့် နွယ်လည်း အိမ်ပြန်သွားသည်။ ရေချယ်နှင့်ဘုန်းနေရောင်ကတော့ ခြံထဲလမ်းဆင်းလျှောက်သည်။
အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ရာသီဥတုကြောင့်
ဘုန်းနေရောင်၏အပြင်ကုတ်အင်္ကျီသည်ရေချယ့်ကိုလွမ်းခြုံလာသည်။ ဘုန်းနေရောင်ရဲ့ဂရုစိုက်မှုတွေကိုတစ်ဦးတည်းမူပိုင်ရထားသည့်ရေချယ်ကတော့ပြုံးသည်။"နေရောင် အလုပ်သွားဖို့အစီအစဉ်မရှိဘူးလား"
ဘုန်းနေရောင်သည်ရေချယ့်စကားကိုဘာမျှမတုန့်ပြန်ပဲ
အနားတွင်သာငြိမ်သက်လျက်ရှိနေသည်။ကျယ်ဝန်းလှတဲ့ခြံဝန်းထဲမှာအတူတူလမ်းလျှောက်နေရင်း ရေချယ်သည် နေရောင့်အရှေ့သို့ရပ်ကာမျက်နှာချင်းဆိုင်လို့ကြည့်လိုက်သည်။ နေရောင့်ခြေလှမ်းများကရပ်တန့်သွားသလို ရေချယ့်အားငေးကြည့်နေသည်။ ရေချယ်ကတော့နေရောင်ကိုကြည့်ကာပြုံးရင်းလမ်းကိုနောက်ပြန်လျှောက်သည်။
KAMU SEDANG MEMBACA
ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့