"သင်္ကြန်လက်ဆေးမိုးရွာပြီ"
ညဘက်အိပ်တိုင်းပြတင်းပေါက်တွေဖွင့်ထားတက်တာကြောင့် သည်းကြီးမည်းကြီးရွာလာတဲ့မိုးသံတွေဟာ ဆူညံနေသလို ရေမှုန်ရေမွှားလေးတွေဟာလဲ အိမ်ထဲထိရောက်လို့လာတယ်။
အိပ်နေရာကနေထလိုက်ပြီး ပြတင်းပေါက်ကြီးကိုဆွဲပိတ်လိုက်ကာ အမှောင်ထဲကနံရံမှာကပ်ထားတဲ့နာရီကို ဓာတ်မီးနဲ့ထိုးကြည့်တော့ အခုမှ မနက်၃နာရီသာရှိသေးသည်။
သင်္ကြန်အကြိုနေ့တည်းကသိကြားမင်းကတော့ရေလောင်းလိုက်ပြီထင်ပါရဲ့။
ပြန်အိပ်ရန်၂နာရီလောက်အချိန်ရသေးတာကြောင့် ဖျာပေါ်ပြန်လှဲကာခေါင်းဦးပေါ်ခေါင်းချလိုက်ပြီး မျက်လုံးမှိတ်ကာ ဟိုဟိုဒီဒီတွေးနေမိရင်း...။
မြို့မှာလဲမိုးရွာလောက်မှာပဲ.....ဆိုတဲ့နောက်ကွယ်ကအတွေးတွေကတော့ ဆက်ထွက်မလာတော့ဘဲ အိပ်မက်ကမ္ဘာဘက်သို့သာကူးပြောင်းသွားတော့သည်။
"ဒေါ်လေးတင်အေး ဒေါ်လေးတင်အေး"
"အမေဥပုသ်ကျောင်းသွားတယ်ဟေ့"
အိမ်အောက်ကနေအမေ့နာမည်တကြော်ကြော်အော်ခေါ်နေတဲ့ မော်မော်ကိုအိမ်ပေါ်ကနေလှမ်းအော်လိုက်တော့ အသံတိတ်သွားတယ်။
"အဲ့တာဆိုလဲနင်ဆင်းလာခဲ့"
"ဘာလုပ်မလို့လဲ"
"မုန့်လုံးရေပေါ်လုပ်ဖို့ မုန့်နှစ်ကြိတ်ထားတာသွားသယ်မလို့နင့်လာခေါ်တာ"
အိမ်ပေါ်ကနေဆင်းလာတော့ မော်မော်ကလှေကားနားထိလျှောက်လာသည်။စောနက
အပေါ်ကမို့မမြင်ရတာ အခုမှသေချာကြည့်မိတယ် မော်မော်ကပြင်ဆင်ထားသလို သနပ်ခါးပါဖွေးနေအောင်လိမ်းထားပြီး သူ့ဗိုလ်ကေဆံပင်မှာပိတောက်ပန်းပါကလစ်နဲ့ထိုးပြီး ရအောင်ပန်ထားသေးတယ်။"မော်မော် နင်ပြင်ဆင်ပြီးဘယ်သွားမလို့လဲ"
"ဘယ်သွားရမှာလဲ မုန့်ကြိတ်ထားတာသွားယူမလို့လေ"
"နင့်ဟာက အလှူသွားမယ့်အတိုင်းပဲ"
"ဟဲ့ ရာဟု နင်ဘာသိလို့လဲ။နှစ်သစ်ကူးမှာ ဝတ်ကောင်းစားလှလေးဝတ်၊ လှလှပပနေပြီး ကောင်းတဲ့အပြုအမူ၊ကောင်းတဲ့စကားပြောရတယ်တဲ့။ နို့မို့ဆိုသိကြားမင်းက ခွေးသားရေနဲ့မှတ်လိမ့်မယ်"
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12