"သားကြီး ပြန်ကြမယ် ဘုန်းဘုန်းကို ကန်တော့ဦး"
"ဟုတ်ကဲ့ဖေဖေ"
ကျောက်ဆည်မြို့လေးကနေ ဆက်သွားရင် သရက်သီးမှာ နာမည်ကြီးလှတဲ့ ဟန်မြင့်မိုရ်ရွာလေးက ပူပြင်းလှတဲ့ရာသီဥတုလေးမှာတောင် မငြီးငွေ့စေရဘဲ သွားလာလှုပ်ရှားနေသံတွေဟာ အသက်ဝင်လှပါတယ်။
ဖေဖေ့ဆိုက်ထဲက အလုပ်သမားလေးတစ်ယောက်နဲ့စကားစပ်မိရင်းကနေ သူတို့ရွာလေးမှာ အနည်းငယ်ချို့တဲ့နေတဲ့ကျောင်းလေးရှိကြောင်းဆိုလာတော့ ဖေဖေကအငြင်းစကားမဆိုဘဲ တစ်ခေါက်လိုက်ကြည့်ပြီးကာမှ မေမေနဲ့တိုင်ပင်ကာ အလှူလေးလုပ်ချင်ကြောင်းဆိုလာပါတယ်။ မေမေကလဲ ပါရမီဖြည့်ဖက်ကောင်းဆိုသလို ဘဝမှာမလှူဘူးတာမရှိစေရဆိုတဲ့ လက်ကိုင်စကားအတိုင်း လိုအပ်တာတွေစီစဥ္ပေးလာတယ်။
အလုပ်သမားများနားရက်ဖြစ်တဲ့ အဖိတ်၊ဥပုသ် နားရက်ကိုသေချာရွေးကာ အလှူရက်ကေလးကိုလာလျှောက်တော့ ဘုန်းဘုန်းတင်မက ရွာကလူကြီးအချို့ကပါ ဝမ်းသာဟန်တွေ လှိုက်လှိုက်လှဲလှဲထုတ်ပြလာတယ်။လူနွမ်းပါးပေမယ့် စိတ်ဓာတ်မနွမ်းပါးကြတဲ့လူတွေပေါ့။
ဖေဖေနဲ့တူတူ ရွာထဲက ထွက်ခဲ့တော့ ကိုတင်ကိုက စက္ကူဖာကြီးပိုက်ကာ ရွာထိပ်မှာပျော်ပျော်ကြီးစောင့်လို့နေတယ်။
"ဆရာ နေပါဦးဗျ"
"အေး တင်ကို ပြန်လိုက်မှာလား။ လိုက်မယ်ဆိုတက်လေကွာ"
အကြမ်းသုံးဖြစ်တဲ့ တစ်ခန်းခွဲမိုက်တီအိတ်ကားလေးရဲ့ နောက်မိုးအပွင့်မှာ အလုပ်သမားတွေကိုတင်ကာ ခေါ်သွားလေ့ရှိတာကြောင့် ဒါဟာမစိမ်းသက်တဲ့ကိစ္စ။
"မလိုက်တော့ဘူးဆရာ မနက်ဖြန်အတွက် လိုအပ်တာတွေကူလုပ်ပေးရင်း ရွာမှာပဲနေရစ်ခဲ့တော့မယ်ဆရာ"
"အေးကွာ ဒါဆိုလဲ ငါတို့မနက်မှဆုံကြတာပေါ့"
"ဆရာ ဒီစိန်တစ်လုံးတွေကခုလေးတင်မှ ခြံထဲကပြေးခူးခဲ့တာ။ဝင်းနေပြီဆိုတော့ အနံ့ထွက်တာနဲ့ခွဲစားရုံပဲ ဆရာမကို ပေးပေးပါဦးဗျ"
"မင်းဆရာမတော့ သဘောကျနေတော့မှာပဲကွာ။ ကျေးဇူးပဲတင်ကိုရေ"
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12