အပိုင်း ၂၄

104 12 2
                                    

ဒီနေ့က ကျွန်တော်တို့မေဂျာရဲ့မောင်မယ်သစ်လွင်ကြိုဆိုပွဲနေ့။ သစ်ထူးက ကင်း ဝင်လျှောက်မှာမလို့ သူ့ကိုမဲလာပေးဖို့ အတင်းခေါ်ထားတာကြောင့် မသွားလို့လဲမကောင်း။

အစ်ကိုတို့မေဂျာကတော့ ပြီးခဲ့တဲ့နှစ်ရက်ကပဲ ပွဲလုပ်ပြီးသွားတာ​မလို့ လိုက်ပို့ခိုင်းဖို့ရာလဲအားနာလှတယ်။ ဒါပေမယ့် မထင်ထားစွာဘဲအစ်ကိုက သူလဲတခြားမေဂျာကသူငယ်ချင်းအသိရှိတယ်လို့ဆိုလာတာကြောင့် ဒီကိစ္စကအဆင်ချောလို့သွားတယ်။

"ဒီနေ့မိုးရွာမလားမသိဘူး"

မနက်တည်းက မိုးကအံ့မှိုင်းနေတာ နေပင်ပျောက်နေတဲ့အထိပင်။အအေးဓာတ်ကလဲ အရင်နေ့ကထက်ပိုနေတာကြောင့် ဝယ်ပြီးတည်းကတစ်ခါမှမဝတ်ရသေးတဲ့ ဆွယ်တာအထူလေးကိုဝတ်သွားဖို့ထုတ်လာခဲ့တယ်။

အစ်ကိုကတော့ စတိုင်ပင်လို့ခေါ်တဲ့ဘောင်းဘီအနက်ရောင်ကို ရှပ်အင်္ကျီလက်ရှည်နဲ့တွဲဝတ်ထားပြီး အပေါ်မှာဝေ့စ်ကုတ်လေးထပ်လို့ထားတာကြောင့် အပေါ်အနွေးထည်မဝတ်ရသေးတာတောင် ဗီဒီယိုကားတွေထဲကမင်းသားတွေလို အတော်လေးကြည့်ကောင်းချက်ပဲ။

"ကားနားကစောင့်နေလိုက်၊ အစ်ကိုဖွားဖွားကိုသွားပြောလိုက်ဦးမယ်"

ဦးလေးနဲ့အန်တီက ကျောက်ဆည်မှာစပြီးအခြေချနေပြီဖြစ်တာကြောင့် အိမ်မှာမရှိ။ လူကြီးဆိုလို့ အန်တီထိပ်ရဲ့မေမေ အစ်ကို့ရဲ့ဖွားဖွားသာ အိမ်မှာရှိလေတယ်။

အစ်ကိုက အပေါ်ဝတ်အနွေးထည်ဂျာကင်ကိုလက်ကကိုင်လာပြီး ကားနောက်ခန်းမှာထည့်လိုက်တယ်။

"သွားကြစို့ မဟုတ်ရင်သူတို့ဧည့်ခံတဲ့ဒံပေါက်မစားရပဲနေမယ်"

အစ်ကိုကတစ်ခါတလေဒီလိုမျိုးလဲကလေးဆန်သေးတယ်ဗျ။

မနက်စောမဟုတ်တာကြောင့် သွားရလာရတာ အဲ့လောက်ထိရှုပ်မနေတော့ဘဲ ကားမောင်းလာတဲ့လမ်းတစ်လျှောက်လုံး ရှင်းလင်းနေပြီး မြန်မြန်ဆန်ဆန်ပဲကျောင်းကိုရောက်လို့သွားတယ်။

ပွဲကျင်းပရာနေရာက လက်တွေ့သင်ကြားတဲ့အလုပ်ရုံထဲမှာဖြစ်တာကြောင့် ပရိတ်သတ်တော်တော်ဆန့်တယ်ပြောရမယ်။ မေဂျာက အစ်ကိုတွေအစ်မတွေက စားပွဲတစ်လုံးချကာ
ဧည့်သည်စာရင်းကိုသေချာမှတ်ပေးသလို နာမည်ပေးပြီးတာနဲ့ အစားအသောက်လက်မှတ်လေးတွေထုတ်ပေးလာတယ်။

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now