အစည်းအဝေးလုပ်နေစဉ် ဖုန်းမှန်ပြင် လင်းလာတာကြောင့် ကြည့်မိတော့ မင်းခေတ်ဆီက ပုံပို့လိုက်တာဖြစ်ကြောင်း သိရသည်။
မင်းခေတ်ဆီကမို့ ဖုန်းပြန်ပိတ်ဖို့ လုပ်နေစဉ်ပဲ 'မင်းကောင်ကတော့ စံပဲနော်'ဆိုတဲ့ စာကို ထပ်မံမြင်လိုက်ရတာမို့ လက်တို့က အလိုအလျောက် ဖုန်းကိုဖွင့်လိုက်မိလျက်သား ဖြစ်သွားရသည်။
ဒါသေချာပေါက် ကိုယ့်အဆိုးအပေလေးနဲ့ သက်ဆိုင်နေတဲ့ အကြောင်းပဲ မဟုတ်လား။မင်းခေတ်ပို့ထားသည့် ဓါတ်ပုံကိုမြင်သည့်နောက်တွင်တော့ သဘောတကျပြုံးချင်စိတ်ကို အတင်းကာရော အောင့်အည်းလိုက်ရသလို အနှီအကောင်ငယ်လေးရဲ့ စိတ်ကလေးကို ချစ်တဲ့စိတ်တို့ကလည်း ပိုလို့၊ပိုလို့ တိုးလာရသည်သာဖြစ်သည်။
ပုံကတခြားတော့မဟုတ်၊မီးပွိုင့်က ပန်းရောင်းတဲ့ကလေးတွေနားမှာ ဂစ်တာအိတ်ကြီးချပြီး ပန်းတွေကူသီပေးနေသည့် ဆံပင်စုတ်ဖွားတွေကို မသေမသပ်စီးနှောင်ထားသည့် ကောင်လေးပုံပင်ဖြစ်သည်။
တစ်ပုံမှာတော့ ကလေးလေးတစ်ယောက်နဲ့အတူ နှစ်နှစ်ခြိုက်ခြိုက်ရယ်နေသည့် အကောင်ပေါက်လေးက ညာဖက်ပါးက အပ်ပေါက်ရာသေးသေးလေးပင် ထင်ထင်ရှားရှား ဖြစ်လို့နေသည်။ဒီကောင်လေး ကလေးတွေကိုတော့ သိပ်ချစ်တတ်တာဖြစ်သည်။လွန်ခဲ့တဲ့နှစ်ရက်က သူ့တီးဝိုင်းအဖွဲ့သားတွေနဲ့ သီချင်းတိုက်ရာနေရာကို သွားကြိုပြီး ပြန်လာတော့ မီးပွိုင့်မှာ ထိုကလေးအုပ်စုနဲ့တွေ့ပြီး ပန်းတချို့ဝယ်သေးသည်။
ကလေးတွေကလည်း သူမှန်းသိတာနဲ့ အူယားဖားယားပြေးလာကြပြီး ပန်းကုံးအပိုတွေပါ ပေးကြပြီး အဲဒီအဖွဲ့ထဲက အငယ်ဆုံးကလေးမလေးက 'အစ်ကိုကြီး သမီးတို့ဆီမလာတာကြာပြီနော်၊သမီးတို့ကို မေ့သွားပြီထင်နေတာ'ဟုပြောတော့ လင်းရိပ်ညိုတစ်ယောက် 'နောက်ရက် ဆက်ဆက်လာခဲ့မည်'ဟု ထိုကလေးမလေးကို ကတိပေးလိုက်တာကို သူသိလိုက်သည်။အခုတော့ သူ့ကတိအတိုင်း ထိုကလေးအုပ်ရှိရာကို ရောက်သွားပုံရသည်။ပုံထဲမှာ ရယ်မောနေတဲ့ကောင်လေးကို ကြည့်ရင်း သူပါအလိုလိုပြုံးနေမိသည်အထိ ထိုကောင်လေး၏အပြုံးတွေက ဟန်ဆောင်မှုကင်းပြီး လှပနေလေသည်။
•••••
YOU ARE READING
Hotel California(Complete)
RomanceAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်