ပါရမီလမ်းမတစ်လျှောက် ပြေးလွှားလာသော Lexusသည် မီးပွိုင့်အရောက်တွင်တော့ ကံဆိုးစွာပဲ မီးနီလာတာကြောင့် ရပ်တန့်သွားရသည်။
လုပ်ငန်းမိတ်ဆွေတစ်ဦးရဲ့ သားမင်္ဂလာဆောင်အတွက် သူတို့အိမ်ရှိရာ ၈မိုင်ဖက်ကိုသွားနေရတာပါ။ဟိုတယ်မှာ ပွဲတစ်ခုလာကျင်းပတဲ့ ပြင်သစ်သံအမတ်နဲ့ စကားပြောနေရတာမို့ ထွက်လာချိန်ကနောက်ကျ၊အခုတစ်ခါ မီးပွိုင့်ကမိနဲ့ ဒီနေ့တော့ သေချာပေါက်နောက်ကျပြီးမှ ဧည့်ခံပွဲကိုရောက်တော့မယ်ထင်ပါရဲ့။မစိမ်းနိုင်သေးတဲ့ မီးပွိုင့်ကိုလျစ်လျူရှုရင်း ဘေးဘီကိုအကြည့်ရောက်တော့ ထင်မှတ်မထားတဲ့သူကို မျှော်လင့်မထားသည့် မြင်ကွင်းနှင့်အတူ တွေ့လိုက်ရသည်။
ပလက်ဖောင်းပေါ်မှာ ပန်းရောင်းတဲ့ကလေးတစ်ယောက်ရဲ့ လက်မောင်းကို ဆေးထည့်ပြီးပတ်တီးစည်းပေးနေသည့်ကောင်လေး
ထုံးစံအတိုင်း ဆံပင်တွေကို မသေမသပ်တစ်ဝက်စည်းထားပြီး အမြဲအတူတွေ့ရတဲ့ သားရေဂျာကင်အနက်ရောင်ကို ပုခုံးမှာတင်ထားသည်။အောက်ခံက စွပ်ကျယ်ဂျိုင်းပြတ်အနက်မို့ ဝင်းမွတ်နေတဲ့ အသားအရည်ကိုမြင်နေရသေးသည်။မြင်နေရသည့် ညာဖက်လက်မောင်းမှာလည်း ရောမအက္ခရာတချို့ကို တက်တူးထိုးထားတာ တွေ့ရသေးသည်။ဒီကောင်လေး တစ်ကိုယ်လုံးမှာ တက်တူးမထိုးထားတဲ့နေရာရော ရှိသေးရဲ့လားမသိ။
ပလက်ဖောင်းမှာ ပေါ့ပေါ့ပါးပါးထိုင်ရင်း ကလေးတစ်ယောက်ရဲ့ လက်မောင်းကို သေချာဆေးထည့်ပေးနေတာဖြစ်ပြီး ဘေးနားမှာလည်း ကောင်လေးလုပ်သမျှကို စိတ်ဝင်တစားကြည့်နေကြတဲ့ ကလေးတွေလည်းရှိသည်။
ထိုအချိန်မှာပဲ ကလေးတစ်ယောက်က ဘာပြောလိုက်သည်မသိ၊ကောင်လေးက လှစ်ခနဲပြုံးလိုက်ပြီး ညာဖက်ပါးက အပ်ပေါက်ရာလို ပါးချိုင့်သေးသေးလေးက အထင်းသားပေါ်လို့လာသည်။
ဒါ ပထမဆုံးအကြိမ် ဒီကောင်လေးပြုံးတာကို မြင်ဖူးခြင်းပါပဲ၊အပြုံးကလှလွန်းလို့ ငေးနေမိတာဟာ မီးပွိုင့်စိမ်းသွားတာတောင် သတိမထားမိ
နောက်ကားတွေရဲ့ ကျယ်လောင်လှတဲ့ဟွန်းသံရှည်ကို ကြားလိုက်တော့မှပဲ အသိဝင်ပြီး ကားကို ကပျာကယာမောင်းရတော့သည်။
ကားဟွန်းသံရှည်တွေ ထွက်လာတော့ မျက်မှောင်ကြုံ့ပြီး ဒီဖက်လမ်းမကို လှမ်းကြည့်လာတာကို ကားမှန်ကတဆင့် တွေ့ဖြစ်အောင်တွေ့လိုက်ရသေးသည်။
တစ်လောကလုံးကို မျက်မှောင်ပဲကြုံ့ကြည့်တတ်ပြီး ကလေးတွေကိုတော့ ပြုံးပြဖို့မမေ့တဲ့ လူဆိုးယောင်ဆောင်တဲ့ လူလိမ္မာလေးပဲထင်ပါရဲ့။
STAI LEGGENDO
Hotel California(Complete)
Storie d'amoreAge gap story ရေးနေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plusပေးချင်ပါတယ်