(ယခုအပိုင်းတွင် LGBTနှင့်ပတ်သက်သော ရိုင်းစိုင်းသော အသုံးအနှုန်းများပါဝင်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ။)
(အတိတ်သို့)
"ဖိုးလပြည့်..မဟုတ်ဘူးမှတ်လား..ငါ့ကို မဟုတ်ဘူးလို့ ပြောစမ်းပါ.."
"တောင်းပန်ပါတယ်အာကာ..ငါ..ငါတကယ်ပြောနေတာ.."
အာကာမင်းမြတ်လည်း အသက်ကို ပြင်းပြင်းရှုကာ
"မင်းဘာဆက်လုပ်မှာလဲဖိုးလပြည့်.."
"ငါ..ငါမစဥ်းစားရသေးဘူးအာကာ..ခုဆို ရွာထဲက လူတွေအကုန်သိကုန်ပြီ..ငါဘာဆက်လုပ်ရမလဲ.."
ဖိုးလပြည့်က မျက်ရည်အဝိုင်းသားနှင့်ပြောသည်။အာကာမင်းမြတ်လည်း သူငယ်ချင်းဖြစ်သူ၏ ပုခုံးအား ဆုပ်ကိုင်ကာ
"ငါရှိတယ်ဖိုးလပြည့်..ဘာမှမကြောက်နဲ့.."
ဖိုးလပြည့်က အာကာမင်းမြတ်အား အားကိုးသလိုကြည့်ပြီး မျက်လွှာချသွားသည်။
"ခုတော့ပြန်လိုက်တော့ဖိုးလပြည့်.."
ဖိုးလပြည့်က အာကာမင်းမြတ်အား နှုတ်ဆက်ပြီး ပြန်သွားသည်။အာကာမင်းမြတ်လည်း သစ်ပင်အောက်က ကွပ်ပျစ်လေး၌ မလှုပ်မယှက်ထိုင်နေမိသည်။
ငယ်ငယ်ကတည်းက ပေါင်းလာသည့်သူငယ်ချင်းက လိင်တူချစ်ကြိုက်သူတစ်ယောက်တဲ့။အာကာမင်းမြတ်တို့ရွာမှာက ဒီလိုကိစ္စဆိုတာ အထူးအဆန်း။ခုတောင် ရွာထဲကလူတွေက မေးငေါ့နေကြပြီ။အာကာမင်းမြတ်ရဲ့သူငယ်ချင်းဖြစ်သူ ဖိုးလပြည့်က စိတ်အားအရမ်းငယ်တတ်တာ။အာကာမင်းမြတ်ကသာ ငယ်ငယ်ကတည်းက ကာကွယ်ပေးခဲ့ရတာ။ခုဘာဆက်လုပ်ရမလဲဖိုးလပြည့်ရယ်..။
"ဟဲ့..ဟိုမှာအခြောက်ကောင်လေ..ဟိုဖက်ရွာက ဘဖိုးစိန်ရဲ့သားမင်းထွဋ်ဆိုတဲ့အကောင်နဲ့ ကြိုက်နေတာဆိုပဲ.."
ဖိုးလပြည့်တစ်ယောက် မျက်ဝန်းအိမ်ထဲမှ မျက်ရည်များအား လက်ခုံဖြင့်သုတ်ကာ ဆက်လျှောက်ခဲ့သည်။
"တကယ်ဟုတ်လို့လားဟဲ့..မထင်ရဘူးနော်.."
"ဟုတ်ပါတယ်ဆိုအေ..ညည်းသာမသိတာ..တစ်ရွာလုံးကို ပျံ့နေပြီ.."