လင်းထိုကလေးနှင့် ဟိုနေ့က ကျောင်းနောက်မှာ တွေ့ပြီးကတည်းက ထပ်မတွေ့ဖြစ်။ဘာလို့မှန်းမသိ။လင်းစိတ်ထဲ တစ်မျိုးပင်။
"ဟယ်လို.."
"အငယ်ကောင်.."
"ဗျာ..ကိုကြီး.."
လင်း၏အကို ငွေစက်မင်းဖုန်းဆက်ခြင်းပင်။
"အဲ့မှာ အဆင်ပြေလား.."
"ပြေပါတယ်ဗျ.."
"ကောင်မလေးတွေကော..ချောလား.."
"ဟား..ဟား..ငါ့အကိုကတော့..မြို့ကကောင်မလေးတွေဘက်ကနေ တောက ကောင်မလေးတွေဘက်ကို လှည့်လာပြီလား.."
"မင်းကလည်းကွာ..ပြောစမ်းပါ.."
"အင်း..ဘယ်လိုပြောရမလဲ..မြို့သူတွေလို မဟုတ်ပဲ ရိုးရိုးယဥ်ယဥ်လေးနဲ့ လှတာ..ဘာမှခြယ်သမထားပေမဲ့ လှတယ်.."
"လေကြောကို ရှည်တယ်..လှတယ်လို့ ပြောလိုက်ရင် ပြီးနေပြီကို.."
"ဟဲဟဲ..ဘာလုပ်မလို့လဲ.."
"ငါလည်း အပျင်းပြေခရီးလေးထွက်ရင်ကောင်းမလားလို့..မင်းစီလာမယ်လေနော်..ငါ့ညီကို မတွေ့ရတာကြာတော့ လွမ်းနေပြီ.."
"အပိုတွေ..လာချင်သပဆိုလည်း လာခဲ့.."
"အေး..မနက်ဖြန်လာခဲ့မယ်.."
"အိုကေ..အိုကေ..ဒါပဲ.."
လင်းလည်း ဖုန်းချပြီးသည်နှင့် ပြုံးကာ ခေါင်းခါမိသည်။လင်းတို့မှာ ပြေးကြည့်မှ ဒီညီအကိုနှစ်ယောက်ပဲရှိသည်။မေမေတို့က လင်းငယ်ငယ်ကတည်းက ဆုံးသွားသည်။ဒေါ်လေးကပဲ လင်းတို့ကို စောင့်ရှောက်လာခဲ့တာ။လင်းရဲ့အကိုငွေစက်မင်းကတော့ ဒေါ်လေးရဲ့အမွေဖြစ်တဲ့ အထည်ဆိုင်ကိုပဲ ဆက်ဦးစီးနေလေရဲ့။လင်းကတော့ ဝါသနာအရ ကျောင်းဆရာလုပ်ခဲ့သည်။လင်းဘဝမှာ နောင်တအရဆုံးတစ်ခုကို ပြောပါဆိုလျှင် ဒေါ်လေးအား အလုပ်အကျွေးမပြုလိုက်ရတာပင်။ဒေါ်လေးက လင်းကျောင်းဆရာဖြစ်ပြီး မကြာခင်မှာ လောကကြီးအား နှုတ်ဆက်ကာ ငြိမ်းချမ်းရာကို ထွက်သွားခဲ့ပြီဖြစ်သည်။
အာကာမင်းမြတ်ရောက်နေသည်က ကျောင်းဝန်းထဲက သရက်ပင်အောက်ရှိ ကွပ်ပျစ်၌။ခဏနေ နေ့လည်နားချိန်ဖြစ်သဖြင့် ကလေးတွေနှင့်ဘောလုံးကန်ရန် ချိန်းထားခြင်းပင်။ခုတော့ ကလေးတွေကို စာမသင်ပဲ ကျောင်းခန်းပြင်၌ ဖုန်းပြောနေသော ဟိုဆရာမြို့သားကြောင့် မျက်မှောင်ကြုတ်မိသည်။ဟိုနေ့က ကျောင်းနောက်မှာ တွေ့ပြီးကတည်းက ထိုမြို့သားနှင့် ထပ်မတွေ့ဖြစ်တော့။ခုတွေ့တော့လည်း အာကာမင်းမြတ်ရဲ့မျက်လုံးထဲမှာ ထောင့်မကျိုး။ဘယ်လိုလုပ်ပြီး ကျောင်းဆရာဖြစ်လာမှန်းကို မသိတာ။