"ကျုပ်ဒီညသီချင်းဆိုမှာနော်..ခင်ဗျားကျုပ်ဆိုပြီးတဲ့အထိ စောင့်ရမယ်.."
လင်းအား သူ့မွေးထားသည့်ကလေးလို အမိန့်ပေးနေလေသည်။
"အရမ်းနောက်ကျရင်တော့ ငါပြန်မယ်..မနက်ကျ ကျောင်းသွားရဦးမယ်.."
"မပြန်ရပါဘူး..ခင်ဗျားစောင့်နေရမှာ.."
လင်းတို့ ပွဲဈေးသို့သွားနေတာပင်။သို့ပေမဲ့ လမ်းတောက်လျှောက် လင်းအား ကလေးတစ်ယောက်လို ဂျစ်တိုက်ကာ လိုက်ပါလာသည်။ထိုသူကတော့ တခြားမဟုတ်..အာကာမင်းမြတ်ပင်။
"စောင့်နေမယ်မှတ်လား.."
"အေး..စောင့်ပေးမယ်.."
လင်းလည်း အကြီးဖြစ်သူပီပီအလျော့ပေးလိုက်တော့မှ ကျေနပ်သလိုပြုံးပြီး ငြိမ်သွားသည်။
"ချစ်တယ်.."
"ဟမ်..ဘာပြောလိုက်တာ.."
ပွဲဈေးနားသို့ ရောက်လာသဖြင့် ဈေးသည်များ၏ အသံတွေက ဆူညံနေသည်။ဖျော်ဖြေပွဲကလည်း မစသေးသဖြင့် *ဘုံကထိန်*သီချင်းကိုသာ ဖွင့်ထားသည်။ဆူညံသောအသံများကြောင့် လင်းသူပြောသည့် စကားကို မကြားရ။ထပ်မေးတော့လည်း ပြန်မဖြေ။
လင်းအကျင့်ကလည်း တစ်မျိုးပင်။လင်းတစ်ခုခုအား သိချင်ပြီဆိုလျှင် သိလိုက်ရမှ ကျေနပ်သည်။မဟုတ်ရင် စိတ်ထဲတနုံနုံနှင့်။ခုလည်း စိတ်ထဲ သိချင်စိတ်က စိုးမိုးသွားသည်။သကောင့်သားကလည်း ချေပါ့..ပြောတုန်းကပြောပြီး မကြားလို့ ထပ်မေးတော့ မဖြေတော့ဘူး..။
"ခင်ဗျားဒီမှာခဏနေခဲ့ဦး..လူကြပ်တယ်..ကျုပ်မြေပဲပြုတ်သွားဝယ်ပေးမယ်..ကျုပ်သီချင်းဆိုရင် မြေပဲပြုတ်စားရင်း ထိုင်ကြည့်ပေါ့.."
"ငါပိုက်ဆံပေးမယ်လေ.."
"ရတယ်..ကျုပ်စုထားတဲ့ပိုက်ဆံတွေ ရှိတယ်..ခင်ဗျားစားချင်တာသာစား..ကျုပ်ဝယ်ကျွေးမယ်.."
အာကာမင်းမြတ်ဒီလိုနေ့ကို မျှော်လင့်နေခဲ့တာ ကြာပြီဖြစ်သည်။ပွဲရက်နီးလာလေ ပိုပြီးရင်ခုန်ရလေနှင့်။ကိုယ့်စိတ်ကို သိနေတော့ ပိုဆိုးသည်။ထို့ကြောင့် ခုရက်ပိုင်း ရသမျှပိုက်ဆံကို ခြစ်ကုတ်စုကာ ဟိုကောင်တွေ ဝယ်တိုက်သည့် ထန်းရေကိုသာ သောက်နေသည်။
![](https://img.wattpad.com/cover/329764794-288-k228812.jpg)