"မတရုတ်မ.."
"ရှင်..အော်..ဆရာလေး..လာလေ..ဘာယူမတုန်း.."
လင်းခေါ်လိုက်တော့ ဟင်းရွက်တွေအား ရေစွပ်နေရင်း ထူးသည်။
"ယူမလို့မဟုတ်ဘူးဗျ..မတရုတ်မယောကျာ်းမြို့တက်ဦးမလားလို့.."
"မနက်ဖြန်လောက်တက်ဖြစ်မယ်ထင်တယ်ဆရာလေးရဲ့..ဘာမှာမလို့တုန်း.."
"မြို့တက်ရင် စာတိုက်က စာလေးတစ်စောင်လောက် ဝင်ယူခိုင်းမလို့ပါဗျ.."
"အော်..ရတယ်လေဆရာလေး..ကျုပ်ပြောလိုက်မယ်.."
"ကျေးဇူးပါဗျ.."
လင်းပြောပြီးသည်နှင့် ဆိုင်ရှေ့မှ လှည့်ထွက်လိုက်တော့ ဟိုတောသားလေးနှင့် ပက်ပင်းတိုးသည်။
"ဘာစာတုန်း.."
ဆူပုတ်ပုတ်နှင့်မေးသည့်ပုံစံလေးက အင်မတန်မှ ချစ်ဖို့ကောင်းသည်။
"အလုပ်စာပါ.."
"ကျုပ်က ရည်းစားစာထင်လို့.."
ဒီကောင်လေးကတော့ တကယ်ပဲ..။ခုထိကလေးစိတ်မကုန်သေးဘူး..။ဘယ်သူက ရည်းစားစာကို စာတိုက်ထိ တကူးတကသွားယူမှာတုန်း..။
"အေး..ဟုတ်တယ်..ရည်းစားစာ..မြို့က ကျောင်းဆရာမချောချောလေးက ပို့ပေးလိုက်တာ.."
လင်းစလိုက်တော့ ဆူပုတ်နေသည့်မျက်နှာက ရုတ်တရက်မဲမှောင်သွားသည်။ထို့နောက် ချာခနဲလှည့်ထွက်သွားသည်။
"အာကာမင်းမြတ်.."
လင်းခေါ်သည်ကို ဂရုမစိုက်ပဲ ဆက်သွားနေသည်။သူ့ခြေလှမ်းကျဲကြီးတွေနောက် လိုက်ရသည့်လင်းခမျာ နဖူးကချွေး၊ခြေမထိကျမတက်ပင်။
"အာကာမင်းမြတ်..စောင့်ဦးလို့..ငါမောနေပြီ.."
"...."
"အာကာမင်းမြတ်!"
လင်းအသံကို ခပ်မာမာနှင့်ခေါ်လိုက်တော့မှ ခြေလှမ်းတွေက ရပ်သွားပြီး လင်းဘက်သို့ ပြန်လှည့်လာသည်။
"ဘယ်လိုဖြစ်လို့ မစောင့်ရတာလဲ.."
"ခင်ဗျားရဲ့မြို့က ဆရာမချောချောလေးကိုပဲ စောင့်ခိုင်းလိုက်ပါဗျ..ကျုပ်က အဲ့ဆရာမလေးလောက် အချိန်တွေမပေါလို့ သွားလိုက်ပါဦးမယ်.."